သံယုတ္တနိကာယ်—၂၁

၈—နန္ဒသုတ်

၂၄၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရား၏ မိထွေးတော်သားဖြစ်သော အသျှင်နန္ဒသည် လက် လိပ်ထိုး သင်္ကန်းတို့ကို ဝတ်ရုံပြီးလျှင် မျက်စိတို့ကို မျက်ရေးကွင်း၍ အရောင်ထွက်သော သပိတ်ကို ယူဆောင်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်နန္ဒအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “နန္ဒ လက်လိပ်ထိုး သင်္ကန်းတို့ကို ဝတ်ရုံခြင်း၊ မျက်စိတို့ကို မျက်ရေးကွင်းခြင်း၊ အရောင်ထွက် သော သပိတ်တို့ကို ဆောင်ခြင်းတို့သည် ယုံကြည်မှု ‘သဒ္ဓါတရား’ ရှိလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုသော အမျိုးကောင်းသားဖြစ်သည့် သင့်အား မလျောက်ပတ်ချေ၊ အာရညကင်ဓုတင် ဆောက်တည်ခြင်း၊ ပိဏ္ဍပါတ်ဓုတင်ဆောက်တည်ခြင်း၊ ပံသုကူဓုတင်ဆောက်တည်ခြင်း၊ ကာမတို့၌ မငဲ့ကွက် မူ၍ နေခြင်းသည်သာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါတရား’ ရှိလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသော အမျိုးကောင်းသားဖြစ်သည့် သင့်အား လျောက်ပတ်၏”ဟု မိန့်တော်မူပြီးနောက် ဤ ဂါထာကို မိန့်တော်မူပြန်၏—

“အာရညကင်ဓုတင်ကို ဆောက်တည်သော၊ ပံသုကူဓုတင်ကို ဆောက်တည်သော၊ မထင်မရှား ဆွမ်းခံ၍ ရသော ဆွမ်းဖြင့် မျှတရောင့်ရဲသော၊ ကာမဂုဏ်တို့၌ ငဲ့ကွက်ခြင်း မရှိသော နန္ဒကို အဘယ်အခါ၌ ငါ မြင်ရပါအံ့နည်း”ဟု (မိန့်တော်မူ၏)။

ထိုသို့ မိန့်တော်မူပြီးသည့် နောက်အခါ၌ အသျှင်နန္ဒသည် အာရညကင်ဓုတင်ကိုလည်းကောင်း၊ ပိဏ္ဍပါတ်ဓုတင်ကိုလည်းကောင်း၊ ပံသုကူဓုတင်ကိုလည်းကောင်း ဆောက်တည်၍ ကာမဂုဏ်တို့၌ မငဲ့ကွက့်မူဘဲ နေ၏။

အဋ္ဌမသုတ်။