သံယုတ္တနိကာယ်—၂၁

၉—တိဿသုတ်

၂၄၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရား၏ ဘထွေးတော်သားဖြစ်သော အသျှင်တိဿသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ဆင်းရဲသည် နှလုံး မသာသည် ဖြစ်၍ မျက်ရည်တို့ ယိုစီးလျက် ထိုင်နေ၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်တိဿအား “တိဿ သင်သည် အဘယ်ကြောင့် ဆင်းရဲသည် နှလုံးမသာသည် ဖြစ်၍ မျက်ရည်တို့ ယိုစီးလျက် တစ်ခု သော နေရာ၌ ထိုင်နေဘိသနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်ကို ရဟန်းတို့သည် စကား တည်းဟူသော လှံတံဖြင့် ဖွေဖွေရှာရှာ ဖိနှိပ်ထိုးဆွကြပါကုန်၏၊ ထို့ကြောင့် ဤသို့ နေပါသည်ဟု လျှောက်၏။ တိဿ သင်သည် သူတစ်ပါးကိုသာ ပြောတတ်၍ အပြောမခံနိုင်ခဲ့၊ တိဿ သူတစ်ပါးကိုသာ ပြော တတ်၍ အပြောမခံနိုင်ခြင်းသည် ယုံကြည်မှု ‘သဒ္ဓါတရား’ဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုသော အမျိုးကောင်းသားဖြစ်သော သင့်အား မလျောက်ပတ်၊ တိဿ သူတစ်ပါးကိုလည်း ပြော၍ အပြောခံနိုင်ခြင်းသည်သာ ယုံကြည်မှု ‘သဒ္ဓါတရား’ဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြု သော အမျိုးကောင်းသားဖြစ်သော သင့်အား လျောက်ပတ်၏ဟု မိန့်တော်မူပြီးနောက် ဤဂါထာကို မိန့် တော်မူပြန်၏—

“တိဿ အဘယ် ကြောင့် အမျ က် ထွက် ဘိသနည်း။ အမျ က် မထွက် လင့်၊ အမျ က် မထွက်ခြင်း သည် သင့်အား မြတ်၏။ တိဿ အမျက်ထွက်ခြင်း မာန်မူခြင်း ကျေးဇူးချေ ဖျက်ခြင်းကို ဆုံးမခြင်းငှါ မြတ်သော အကျင့်ကို ကျင့်သုံးသည် မဟုတ်လော”ဟု (မိန့်တော်မူ၏)။

နဝမသုတ်။