သံယုတ္တနိကာယ်—၂၂

၁—နကုလပိတုဝဂ်

၁—နကုလပိတုသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့ကို ဘေးမဲ့ပေးရာ ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နကုလပိတာသူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

အသျှင်ဘုရား အကျွန်ုပ်သည် အိုမင်းပါပြီ၊ အရွယ်ကြီးပါပြီ၊ အသက်ကြီးပါပြီ၊ အရွယ်သုံးပါးသို့ ရောက်ပါပြီ၊ နောက်ဆုံးအရွယ်သို့ ရောက်ပါပြီ၊ နာကျင်သောကိုယ်ရှိပါ၏၊ မပြတ်နာကျင်၍ နေပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတော်တို့ကိုလည်းကောင်း အမြဲတစေ မဖူးမြင်နိုင်တော့ပါ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ ယင်းအဆုံးအမတော်သည် အကျွန်ုပ်အား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ရာပါ၏ဟု (လျှောက်၏)။

သူကြွယ် ဤစကားသည် မှန်၏၊ သူကြွယ် ဤစကားသည်ဟုတ်၏၊ သူကြွယ် ဤကိုယ်သည်နာကျင်သည်သာတည်း၊ ဥကဲ့သို့ ဖြစ်၏၊ အရေပါးတို့ဖြင့် မြှေးယှက်ထားအပ်၏၊ သူကြွယ် တစ်ဦးတစ်ယောက်သော သူသည် ဤကိုယ်ကို ရွက်ဆောင်နေရလျက် တစ်ခဏမျှသော်လည်း အနာကင်းခြင်းကို ဝန်ခံပါလျှင် ထိုသူ့အား မိုက်သည့်အဖြစ်မှတစ်ပါး အခြားမရှိတော့ချေ၊ သူကြွယ် ထို့ကြောင့် ဤအရာဝယ် “ငါသည် နာကျင်သောကိုယ်ရှိသူ ဖြစ်လျက် ငါ၏စိတ်သည် နာကျင်မှုကင်းသည်ဖြစ်လတ္တံ့”ဟု ဤသို့ သင် ကျင့်အပ်၏ဟု မိန့်တော်မူ၏။

ထို့နောက် နကုလပိတာသူကြွယ်သည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်လျက်နေရာမှ ထကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ အရိုအသေ ပြုပြီးလျှင် အသျှင်သာရိပုတြာထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော နကုလပိတာသူကြွယ်အား အသျှင်သာရိပုတြာသည် ဤစကားကို ဆို၏— “သူကြွယ် သင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ မျက်နှာအဆင်းသည်လည်း စင်ကြယ်၏၊ ဖြူစင်တောက်ပ၏၊ ယနေ့ မြတ်စွာဘုရား၏မျက်မှောက်တော်မှ တရားစကားကို နာခဲ့ရပါသလော “ဟု ဆို၏။

အသျှင်ဘုရား အဘယ်မှာ မနာရဘဲ ရှိပါမည်နည်း၊ အသျှင်ဘုရား ယခုပင် အကျွန်ုပ်ကို မြတ်စွာဘုရားသည် တရားစကားတည်းဟူသော အမြိုက်ရေဖြင့် သွန်းလောင်းလိုက်ပါ၏ဟု လျှောက်၏။

သူကြွယ် သင့်ကို မြတ်စွာဘုရားသည် တရားစကားတည်းဟူသော အမြိုက်ရေဖြင့် အဘယ်သို့သွန်းလောင်းလိုက်ပါ သနည်းဟု မိန့်၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခု သော နေရာ၌ ထိုင်၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်ပါ၏—“အကျွန်ုပ်သည် အိုမင်းပါပြီ၊ အရွယ်ကြီးပါပြီ၊ အသက်ကြီးပါပြီ၊ အရွယ်သုံးပါးသို့ ရောက်ပါပြီ၊ နောက်ဆုံးအရွယ်သို့ ရောက်ပါပြီ၊ နာကျင်သောကိုယ်ရှိပါ၏၊ မပြတ် နာကျင်၍ နေပါ၏၊ အသျှင်ဘုရားအကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတော်တို့ကိုလည်းကောင်း အမြဲတစေ မဖူးမြင်နိုင် တော့ပါ၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျွန်ုပ်အား ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ ယင်းအဆုံး အမတော်သည် အကျွန်ုပ်အားကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ရာပါ၏ “ဟု လျှောက်ပါ၏၊ ဤသို့လျှောက်လတ်သော် မြတ်စွာဘုရားသည် အကျွန်ုပ်အား ဤစကားကို မိန့်တော်မူ ပါ၏—

သူကြွယ် ဤစကားသည် မှန်၏၊ သူကြွယ် ဤစကားသည်ဟုတ်၏၊ သူကြွယ် ဤကိုယ်သည်နာကျင်သည်သာတည်း၊ ဥကဲ့သို့ ဖြစ်၏၊ အရေပါးတို့ဖြင့် မြှေးယှက်ထားအပ်၏၊ သူကြွယ် တစ်ဦးတစ်ယောက်သော သူသည် ဤကိုယ်ကို ရွက်ဆောင်နေရပါလျက် တစ်ခဏမျှသော်လည်းအနာကင်းခြင်းကို ဝန်ခံပါလျှင် ထိုသူ့အား မိုက်သည့်အဖြစ်မှ တစ်ပါး အခြား မရှိတော့ချေ၊ သူကြွယ်ထို့ကြောင့် ဤအရာ ဝယ် “ငါသည် နာကျင်သောကိုယ်ရှိသူ ဖြစ်လျက် ငါ၏ စိတ်သည်နာကျင်မှုကင်းသည် ဖြစ်လတ္တံ့”ဟု ဤသို့ သင် ကျင့်အပ်၏၊ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်ကိုမြတ်စွာဘုရားသည် တရားစကားတည်း ဟူသော အမြိုက်ရေဖြင့် သွန်းလောင်းလိုက်ပါ၏ဟု လျှောက်၏။

သူကြွယ် “မြတ်စွာဘုရား အဘယ်မျှဖြင့် နာကျင်သောကိုယ်ရှိသူ ဖြစ်၍ နာကျင်သော စိတ်ရှိသူလည်းဖြစ်ပါသနည်း၊ အဘယ်မျှဖြင့် နာကျင်သောကိုယ်ရှိသူသာ ဖြစ်၍ နာကျင်သော စိတ်မရှိသူ ဖြစ်ပါသနည်း”ဟု ထို့ထက်အလွန် မြတ်စွာဘုရားအား ပြန်လျှောက်ရန် သင့်ဉာဏ်၌ မထင်ပြီလောဟု မိန့်၏။

အသျှင်ဘုရား အကျွန်ုပ်တို့သည် အသျှင်သာရိပုတြာ၏ အထံ၌ ဤစကား၏ အနက်ကို သိရန်အဝေးကြီးမှ သော်လည်း လာရပါကုန်၏၊ တောင်းပန်ပါ၏၊ ဤစကား၏ အနက်ကို အသျှင်သာရိပုတြာ၏ ဉာဏ်၌ သာလျှင် ထင်စေတော်မူပါလော့ဟု လျှောက်၏။

သူကြွယ် သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု နကုလပိတာသူကြွယ်သည် အသျှင်သာရိပုတြာအားပြန်ကြားလျှောက်ထား၏။ အသျှင်သာရိပုတြာသည် ဤသို့ ဟောတော်မူ၏—

သူကြွယ် အဘယ်သို့လျှင် နာကျင်သောကိုယ်ရှိသူ ဖြစ်၍ နာကျင်သော စိတ်ရှိသူလည်း ဖြစ် သနည်း။ သူကြွယ် ဤသာသနာတော်၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာ တရား၌ မလိမ္မာသော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော,သူတော်ကောင်းတရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကိုအတ္တဟူ၍ ရှု၏။ ရုပ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ “ငါသည် ရုပ်ဖြစ်၏၊ ရုပ်သည် ငါ၏ ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ “ရုပ်သည် ငါ ဖြစ်၏၊ ရုပ်သည် ငါ၏ ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်သော ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။

ထိုသူအား ရုပ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။

ဝေဒနာကို အတ္တဟူ၍ ရှု၏။ ဝေဒနာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာဟူ၍ သော်လည်းကောင်း၊ ဝေဒနာ၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ “ဝေဒနာသည် ငါ ဖြစ်၏၊ ဝေဒနာသည် ငါ၏ ဥစ္စာဖြစ်၏”ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ “ဝေဒနာသည် ငါဖြစ်၏၊ ဝေဒနာသည် ငါ၏ ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်သောထိုသူ၏ ထိုဝေဒနာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား ဝေဒနာ၏ ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။

သညာကို အတ္တဟူ၍ ရှု၏။ သညာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ သညာဟူ၍ သော့်လည်းကောင်း၊ သညာ၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ “သညာသည် ငါ ဖြစ်၏၊ သညာသည်ငါ၏ ဥစ္စာဖြစ်၏”ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ “သညာသည် ငါ ဖြစ်၏၊ သညာသည် ငါ၏ ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်သော ထိုသူ၏ထိုသညာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား သညာ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်း ကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။

သင်္ခါရတို့ကို အတ္တဟူ၍ ရှု၏။ သင်္ခါရရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ သင်္ခါရတို့ဟူ၍ သော်လည်းကောင်း၊ သင်္ခါရတို့၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ “သင်္ခါရတို့သည် ငါ ဖြစ်၏၊ သင်္ခါရ တို့သည် ငါ၏ ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ “သင်္ခါရတို့သည် ငါ ဖြစ်၏၊ သင်္ခါရတို့သည် ငါ၏ ဥစ္စာဖြစ်၏”ဟု ထကြွလွှမ်းမိုးသောအခြင်းအရာအားဖြင့် တည်သော ထိုသူ၏ ထိုသင်္ခါရတို့သည် ဖောက်ပြန်ကုန်၏၊ တစ်မျိုးတစ်ဖုံဖြစ်ကုန်၏။ ထိုသူအား သင်္ခါရတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။

ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ “ဝိညာဏ်သည် ငါ ဖြစ်၏၊ ဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏”ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ “ဝိညာဏ်သည်ငါ ဖြစ်၏၊ ဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏”ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်သောထိုသူ၏ ထို ဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား ဝိညာဏ်၏ ဖောက်ပြန်ခြင်းတစ်မျိုး တစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ် ကုန်၏၊ သူကြွယ် ဤသို့လျှင် နာကျင်သောကိုယ်ရှိသူ ဖြစ်၍ နာကျင်သောစိတ်ရှိသူလည်း ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် နာကျင်သောကိုယ်ရှိသူသာ ဖြစ်၍ နာကျင်သော စိတ်ရှိသူ မဖြစ်သနည်း။ သူကြွယ် ဤသာသနာတော်၌ အကြားအမြင်ရှိသော, အရိယာတို့ကို ဖူးမြင်ဖူးသော, အရိယာတရား၌ လိမ္မာ သော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော,သူတော်ကောင်းတရား၌ လိမ္မာသော, သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည်ရုပ်ကို အတ္တဟူ၍ မရှု။ ရုပ်ရှိ သော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်း ကောင်း မရှု။ “ရုပ်သည် ငါ ဖြစ်၏၊ ရုပ်သည် ငါ၏ ဥစ္စာဖြစ်၏ “ဟုထကြွလွှမ်းမိုးသော အခြင်းအရာ အားဖြင့် မတည်၊ “ရုပ်သည် ငါ ဖြစ်၏၊ ရုပ်သည် ငါ၏ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာ အားဖြင့် မတည်သော ထိုသူ၏ ထိုရုပ်သည်ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား ရုပ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့်စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် မဖြစ်ကုန်။

ဝေဒနာကို အတ္တဟူ၍ မရှု။ ဝေဒနာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာဟူ၍ သော်လည်းကောင်း၊ ဝေဒနာ၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ “ဝေဒနာသည် ငါ ဖြစ်၏၊ ဝေဒနာသည်ငါ၏ ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ “ဝေဒနာသည် ငါ ဖြစ်၏၊ ဝေဒနာသည် ငါ၏ ဥစ္စာဖြစ်၏”ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်သော ထိုသူ၏ထိုဝေဒနာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံဖြစ်၏။ ထိုသူအား ဝေဒနာ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် မဖြစ်ကုန်။

သညာကို အတ္တဟူ၍ မရှု။ သညာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ သညာဟူ၍ သော်လည်းကောင်း၊ သညာ၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ “သညာသည် ငါ ဖြစ်၏၊ သညာသည် ငါ၏့ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ “သညာသည် ငါ ဖြစ်၏၊ သညာသည်ငါ၏ ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်သော ထိုသူ၏ ထိုသညာသည်ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား သညာ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် မဖြစ်ကုန်။

သင်္ခါရတို့ကို အတ္တဟူ၍ မရှု။ သင်္ခါရရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ သင်္ခါရတို့ဟူ၍ သော်လည်းကောင်း၊ သင်္ခါရတို့၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ “သင်္ခါရတို့သည် ငါ ဖြစ်၏၊ သင်္ခါရ တို့သည် ငါ၏ ဥစ္စာဖြစ်ကုန်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ “သင်္ခါရတို့သည် ငါ ဖြစ်၏၊ သင်္ခါရတို့သည် ငါ၏ ဥစ္စာဖြစ်ကုန်၏ “ဟု ထကြွလွှမ်းမိုးသောအခြင်းအရာအားဖြင့် မတည်သော ထိုသူ၏ ထိုသင်္ခါရတို့သည် ဖောက်ပြန်ကုန်၏၊ တစ်မျိုးတစ်ဖုံဖြစ်ကုန်၏။ ထိုသူအား သင်္ခါရတို့၏ ဖောက် ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှု တို့သည် မဖြစ်ကုန်။

ဝိညာဏ်ကို အတ္တဟူ၍ မရှု။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ “ဝိညာဏ်သည် ငါ ဖြစ်၏၊ ဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ “ဝိညာဏ်သည်ငါ ဖြစ်၏၊ ဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏ “ဟု ထကြွလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်သောထိုသူ၏ ထို ဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ထိုသူအား ဝိညာဏ်၏ ဖောက်ပြန်ခြင်းတစ်မျိုး တစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ် ကုန်။ သူကြွယ် ဤသို့လျှင် နာကျင်သောကိုယ်ရှိသူသာ ဖြစ်၍ နာကျင်သောစိတ်ရှိသူ မဖြစ်။

အသျှင်သာရိပုတြာသည် ဤစကားကို မိန့်တော်မူ၏။ နကုလပိတာသူကြွယ်သည် အသျှင်သာရိပုတြာ၏စကားကို အလွန် နှစ်သက်ဝမ်းမြောက်လေ၏။

ပဌမသုတ်။