သံယုတ္တနိကာယ်—၂၂

(၁၁) ၁—အန္တဝဂ်

၁—အန္တသုတ်

၁ဝ၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဖို့အစုတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ—သက္ကာယ အဖို့အစု၊ သက္ကာယဖြစ်ပေါ်ကြောင်း အဖို့အစု၊ သက္ကာယချုပ်ရာ အဖို့အစု၊ သက္ကာယချုပ်ရာသို့ ရောက်ကြောင်းအကျင့် အဖို့အစုတို့တည်း။ ရဟန်းတို့ သက္ကာယ အဖို့အစုဟူသည် အဘယ်နည်း၊ ဥပါဒါနက္ခန္ဓာငါးမျိုးတို့တည်းဟု ဆိုအပ်သည် ဖြစ်၏။ အဘယ်ငါးမျိုးတို့နည်း၊ ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ၊ သညာဟူသော ဥပါဒါနက္ခန္ဓာ၊ သင်္ခါရတို့ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဤသည်ကို သက္ကာယ အဖို့အစုဟု ဆိုအပ်၏။

ရဟန်းတို့ သက္ကာယဖြစ်ပေါ်ကြောင်း အဖို့အစုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ကာမ၌ တပ်မက် မှု၊ ဘဝ၌ တပ်မက်မှု၊ ဘဝပြတ်ခြင်း၌ တပ်မက်မှုဟူသော တစ်ဖန်ဘဝသစ်ကို ဖြစ်စေနိုင်သော နှစ်သက်တပ်မက်မှုနှင့် တကွဖြစ်သော ထိုထိုအာရုံ ထိုထိုဘဝတို့၌ နှစ်သက်တတ်သော တဏှာတည်း။ ရဟန်းတို့ ဤတဏှာကို သက္ကာယဖြစ်ပေါ်ကြောင်း အဖို့အစုဟု ဆိုအပ်၏။

ရဟန်းတို့ သက္ကာယချုပ်ရာ အဖို့အစုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ထိုတဏှာ၏သာ အကြွင့်မဲ့ကင်းပြတ် ချုပ်ငြိမ်းမှု စွန့်မှု မကပ်ငြိမှု လွတ်မြောက်မှု မတွယ်တာမှုတည်း။ ရဟန်းတို့ ဤသည်ကိုသက္ကာယချုပ်ရာ အဖို့အစုဟု ဆိုအပ်၏။

ရဟန်းတို့ သက္ကာယချုပ်ရာသို့ ရောက်ကြောင်းအကျင့် အဖို့အစုဟူသည် အဘယ်နည်း၊ ရဟန်းတို့မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်မျိုးရှိသော ဤအရိယမဂ်တည်း။ ရဟန်းတို့ ဤသည်ကို သက္ကာယချုပ်ရာသို့ ရောက်ကြောင်းအကျင့် အဖို့အစုဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည်လျှင် အဖို့အစု လေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။