သံယုတ္တနိကာယ်—၂၂

(၁၁) ၁—အန္တဝဂ်

၂—ဒုက္ခသုတ်

၁ဝ၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ ဆင်းရဲဟူသည် အဘယ်နည်း၊ ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟု ဆိုအပ်သည် ဖြစ်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ—ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း၊ ရဟန်းတို့ ဤသည်ကို ဆင်းရဲဟု ဆိုအပ်၏။ ရဟန်းတို့ ဆင်းရဲဖြစ်ပေါ်ကြောင်းဟူသည် အဘယ်နည်း။ပ။ ဘဝပြတ်ခြင်း၌ စွဲမက်မှုဟူသော တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သော တဏှာတည်း၊ ရဟန်းတို့ ဤသည်ကိုဆင်းရဲဖြစ်ပေါ်ကြောင်းဟု ဆိုအပ်၏။ ရဟန်းတို့ ဆင်းရဲချုပ်ရာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ထိုတဏှာ၏သာလျင် အကြွင့်မဲ့ ကင်းပြတ်ချုပ်ငြိမ်းမှု စွန့်မှု မကပ်ငြိမှု လွတ်မြောက်မှု မတွယ်တာမှုတည်း၊ ရဟန်းတို့ ဤသည်ကို ဆင်းရဲချုပ်ရာဟု ဆိုအပ်၏။ ရဟန်းတို့ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ မှန်ကန်သောမြင်မှု။ပ။ မှန်ကန်သောတည်ကြည်မှုဟူသော အင်္ဂါရှစ်မျိုးရှိသော ဤအရိယမဂ်တည်း၊ ရဟန်းတို့ ဤသည်ကို ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။