သံယုတ္တနိကာယ်—၂၂

၁—နကုလပိတုဝဂ်

၁၁—ကာလတ္တယအနတ္တသုတ်

၁၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အတိတ်အနာဂတ်ဖြစ်သော ရုပ်သည်ကိုယ် ‘အတ္တ’မဟုတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၏ အတ္တမဟုတ်ရာ၌ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော ရုပ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သောရုပ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။

အတိတ်အနာဂတ်ဖြစ်သော ခံစားမှု’ဝေဒနာ’သည် အတ္တမဟုတ်။ မှတ်သားမှု ‘သညာ’သည် အတ္တမဟုတ်။ ပြုပြင်မှု’သင်္ခါရ’တို့သည် အတ္တမဟုတ်ကုန်။ ဝိညာဏ်သည် အတ္တမဟုတ်၊ ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၏အတ္တမဟုတ်ခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသောအရိယာတပည့်သည် အတိတ်ဖြစ်သော ဝိညာဏ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော ဝိညာဏ်ကိုမနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်

ရှေးဦးစွာသော နကုလပိတုဝဂ် ပြီး၏။