သံယုတ္တနိကာယ်—၂၂

(၁၂) ၂—ဓမ္မကထိကဝဂ်

၆—ပရိပုစ္ဆိတသုတ်

၁၁၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း၊ ရုပ်ကို “ ဤရုပ်သည်ငါ၏ ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုကြကုန်သလော။ မရှုကြပါ အသျှင်ဘုရား။ ရဟန်းတို့ ကောင်းပေစွ၊ ရဟန်းတို့ ရုပ်ကို “ ဤရုပ်သည် ငါ၏ ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို “ ဤဝိညာဏ်သည်ငါ၏ ဥစ္စာဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုကြကုန်သလော။ မရှုကြပါ အသျှင်ဘုရား။ ရဟန်းတို့ ကောင်းပေစွ၊ ရဟန်းတို့ ဝိညာဏ်ကို” ဤဝိညာဏ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ်’အတ္တ’မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။