သံယုတ္တနိကာယ်—၂၂

(၁၂) ၂—ဓမ္မကထိကဝဂ်

၁၂—ကပ္ပသုတ်

၁၂၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ကပ္ပသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်၍ ဤစကားကို လျှောက်၏—“အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့မြင်သူအား ဤဝိညာဏ်ရှိသောကိုယ်၌လည်းကောင်း၊ အပြင်ပဖြစ်သော နိမိတ်အားလုံးတို့၌လည်းကောင်းငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု’တဏှာ’၊ ထောင်လွှားမှု’မာနာနုသယ’တို့ မဖြစ်ပါကုန်သနည်း”ဟု (လျှောက်၏)။

ကပ္ပ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ်’အတ္တ’ မဟုတ် “ဟု ဤသို့ဟုတ် တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှု၏။ ဝေဒနာအားလုံးကို။ပ။ သညာအားလုံးကို။ပ။

သင်္ခါရအားလုံး တို့ကို။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သောအကြမ်း အနုလည်း ဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သောဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည်ငါ၏ ကိုယ် ‘အတ္တ’ မဟုတ် “ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှု၏။ ကပ္ပ ဤသို့သိသူ ဤသို့ မြင်သူအား ဤ ဝိညာဏ်ရှိသောကိုယ်၌လည်းကောင်း၊ အပြင်ပဖြစ်သောနိမိတ်အားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။