သံယုတ္တနိကာယ်—၂၂

(၁၂) ၂—ဓမ္မကထိကဝဂ်

၁၃—ဒုတိယကပ္ပသုတ်

၁၂၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်သော အသျှင်ကပ္ပသည် မြတ်စွာဘုရားအား”အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ဤဝိညာဏ်ရှိသောကိုယ်၌လည်းကောင်း၊ အပြင်ပဖြစ်သော နိမိတ်အားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’ထောင်လွှားမှု ‘မာနာနုသယ’ ကင်း၍ မာန်အဖို့အစုကို လွန်မြောက်သော ငြိမ်သက်သော (ကိလေသာ) တို့မှလွတ်မြောက်သော စိတ် ဖြစ်ပါသနည်း”ဟု ( ဤစကားကို လျှောက်၏)။

ကပ္ပ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ ရုပ်အားလုံးတို့ကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် မြင်သည် ရှိသော် မစွဲလမ်းမူ၍ (ကိလေသာမှ) လွတ်မြောက်၏။ ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ် “ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် မြင်သည်ရှိသော် မစွဲလမ်းမူ၍ (ကိလေသာမှ) လွတ်မြောက်၏။ ကပ္ပ ဤသို့ သိသူ ဤသို့ မြင်သူအား ဤဝိညာဏ်ရှိသော ကိုယ်၌လည်းကောင်း၊ အပြင်ပဖြစ်သော နိမိတ်အားလုံးတို့၌လည်းကောင်း ငါဟုစွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’ ကင်း၍ မာန်အဖို့အစုကိုလွန်မြောက်သော ငြိမ်သက် သော (ကိလေသာမှ) လွတ်မြောက်သော စိတ်သည် ဖြစ်၏ဟု (မိန့်တော်မူ၏)။

တေရသမသုတ်။

နှစ်ခုမြောက် ဓမ္မကထိကဝဂ် ပြီး၏။