သံယုတ္တနိကာယ်—၂၂

(၁၅) ၅—ဒိဋ္ဌိဝဂ်

၇—အတ္တာနုဒိဋ္ဌိသုတ်

၁၅၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရား ကိုအမှားနှလုံးသွင်း၍ အတ္တဟု စွဲလမ်းသော အယူ ‘အတ္တာနုဒိဋ္ဌိ’သည် ဖြစ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတော်တို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ အတ္တဟု စွဲလမ်းသော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာ ရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ အတ္တဟု စွဲလမ်းသော အယူသည် ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း။ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည်။ပ။ ထိုရုပ်ကို အစွဲ မပြုလျှင် အတ္တဟု စွဲလမ်းသော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော။ပ။ ထိုဝိညာဏ်ကို အစွဲ မပြုလျှင် အတ္တဟု့စွဲလမ်းသော အယူသည် ဖြစ်ပေါ်နိုင်ရာသလော။ မဖြစ်ပေါ်နိုင်ရာပါ အသျှင်ဘုရား။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။