သံယုတ္တနိကာယ်—၂၂
၁—နကုလပိတုဝဂ်
၂—ဒေဝဒဟသုတ်
၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ဒေဝဒဟမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ များစွာသော ပစ္ဆာဘူမဇနပုဒ်သို့ ခရီးသွားလိုသူ ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ကုန်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား အကျွန်ုပ်တို့သည် ပစ္ဆာဘူမဇနပုဒ်သို့သွားလိုပါကုန်၏၊ ပစ္ဆာဘူမဇနပုဒ်၌ နေလိုပါကုန်၏ “ဟု လျှောက်ကုန်၏။
ရဟန်းတို့ သာရိပုတြာကို သင်တို့ ခွင့်ပန်ပြီးကြပြီလော၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် အသျှင်သာရိပုတြာကို ခွင့်မပန်ကြရသေးပါ။ ရဟန်းတို့ သာရိပုတြာကို ခွင့်ပန်ကြကုန်ဦးလော့၊ ရဟန်းတို့ သာရိပုတြာသည် ပညာရှိ၏၊ သီတင်းသုံးဖော် ရဟန်းတို့ကို ချီးမြှောက်တတ်၏ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။
ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားနှင့် မနီးမဝေး ဒန့်ကျွဲချုံ မဏ္ဍပ်တစ်ခု၌ နေတော် မူ၏။
ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားကို နှစ်သက်ဝမ်းမြောက်ကုန်၍ နေရာမှ ထကြကာရှိခိုးပြီးလျှင် အရိုအသေ ပြု၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်လျက် အသျှင်သာရိပုတြာနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်ကြကုန်ပြီးသော် အသျှင်သာရိပုတြာအား “ငါ့သျှင်သာရိပုတြာ အကျွန်ုပ်တို့သည့်ပစ္ဆာဘူမဇနပုဒ်သို့ သွားလိုပါကုန်၏၊ ပစ္ဆာဘူမဇနပုဒ်၌ နေလိုပါကုန်၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ခွင့်ပန်ပြီးပါပြီ”ဟု လျှောက်ကုန်၏။
ငါ့သျှင်တို့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ သွားသောရဟန်းအား ပြဿနာမေးတတ်ကုန်သော မင်းပညာရှိ ပုဏ္ဏားပညာရှိ သူကြွယ်ပညာရှိ ရဟန်းပညာရှိတို့သည် ထင်ရှားရှိကြကုန်၏၊ ငါ့သျှင်တို့ ပညာရှိကုန်သော လူတို့သည် “အသျှင်တို့၏ဆရာ မြတ်စွာဘုရားသည် အဘယ်ဝါဒရှိပါသနည်း၊ အဘယ်ကို ဟောလေ့ရှိပါသနည်း “ဟု စုံစမ်းတတ်ကုန်၏။ အသို့နည်း အသျှင်တို့သည် ယင်းအမေးကို ဖြေဆိုကြသော် မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ဖြစ်နိုင်လောက်အောင် မြတ်စွာဘုရားကိုမဟုတ်မမှန်သောအား ဖြင့် မစွပ်စွဲနိုင်လောက်အောင် တရားတော်အား လျော်သော တရားကိုလည်းဖြေဆိုနိုင်သည် မည်နိုင် လောက်အောင် သင်တို့၏ ဝါဒ, အနုဝါဒတို့သည် အကြောင်းနှင့် တကွ ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်း ငယ်မျှ မရောက်မရှိနိုင်ကြလောက်အောင် တရားတို့ကိုနာဖူးကြ, သင်ယူဖူးကြပါကုန်၏လော၊ နှလုံးသွင်းဖူး ကြပါကုန်၏လော၊ ဆောင်ဖူးကြပါကုန်၏လော၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိကြပါကုန်၏လောဟု (မိန့်ဆို၏)။
ငါ့သျှင် အကျွန်ုပ်တို့သည် အသျှင်သာရိပုတြာ၏ အထံ၌ ဤစကား၏ အနက်အဓိပ္ပါယ်ကို သိကြရန်အဝေးကြီးမှပင် လာခဲ့ရပါကုန်၏၊ တောင်းပန်ပါကုန်၏၊ ဤစကား၏ အနက်အဓိပ္ပါယ်ကို အသျှင်သာရိပုတြာ၏ ဉာဏ်၌ သာလျှင် ထင်ပါစေလော့ဟု လျှောက်ကုန်၏။ ငါ့သျှင်တို့ သို့ဖြစ်လျှင် နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပြပေအံ့ဟု မိန့်တော်မူ၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်လျှောက်ကြကုန်၏၊ အသျှင်သာရိပုတြာသည် ဤစကားကိုဟောတော် မူ၏။
ငါ့သျှင်တို့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ သွားသော ရဟန်းကို မင်းပညာရှိ။ပ။ ပြဿနာ မေးတတ်ကြကုန်၏၊ ငါသျှင်တို့ ပညာရှိသော လူတို့သည် “အသျှင်တို့၏ ဆရာ မြတ်စွာဘုရားသည် အဘယ်ဝါဒရှိပါသနည်း။ အဘယ်ကို ဟောလေ့ရှိပါသနည်း “ဟု စုံစမ်းတတ်ကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် ဤသို့အမေးခံကြရသော် “ငါတို့၏ ဆရာ မြတ်စွာဘုရားသည် လိုချင်တပ်မက်မှု’ဆန္ဒရာဂ’ ပယ်ဖျောက်ခြင်းကိုဟောလေ့ရှိ၏ “ဟု ဤသို့ ဖြေကြားကုန်လော့။ ငါ့သျှင်တို့ ဤသို့ ဖြေသော်လည်း ဤမင်းပညာရှိ။ပ။ ရဟန်းပညာရှိတို့သည် တစ်ဆင့်တက်၍ ပြဿနာကို မေးတတ်ကြကုန်၏၊ ငါသျှင်တို့ ပညာရှိသော လူတို့သည် “အသျှင်တို့၏ ဆရာ မြတ်စွာဘုရားသည် အဘယ်၌ လိုချင်တပ်မက်မှု’ဆန္ဒရာဂ’ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိပါသနည်း”ဟု စုံစမ်းတတ်ကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် ဤသို့အမေးခံကြရသော် “ငါတို့၏ ဆရာ မြတ်စွာဘုရားသည် ရုပ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’ ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိ၏၊ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်တပ် မက်မှု’ဆန္ဒရာဂ’ ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိ၏”ဟု ဤသို့ ဖြေကြားကုန်လော့။
ငါ့သျှင်တို့ ဤသို့ ဖြေသော်လည်း ဤမင်းပညာရှိ။ပ။ ရဟန်းပညာရှိတို့သည် တစ်ဆင့်တက်၍ မေးတတ်ကြကုန်၏၊ ငါသျှင်တို့ ပညာရှိသော လူတို့သည် “အသျှင်တို့၏ ဆရာ မြတ်စွာဘုရားသည်အဘယ်အပြစ်ကို မြင်၍ ရုပ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’ ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိပါသနည်း၊ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’ ပယ်ဖျောက်ခြင်းကို ဟောလေ့ရှိပါသနည်း”ဟု စုံစမ်းတတ်ကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် ဤသို့ အမေးခံကြရသော် ငါ့သျှင်တို့ ရုပ်၌ တပ်စွန်းမှု မကင်းသူ, လိုချင်မှု မကင်းသူ, ခင်တွယ်မှု မကင်းသူ, မွတ်သိပ်မှု မကင်းသူ, ပူလောင်မှုမကင်းသူ, တောင့်တမှု မကင်းသူအား ထိုရုပ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှုငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ တပ်စွန်းမှု မကင်းသူ။ပ။ တောင့်တမှု မကင်းသူအား ထိုသင်္ခါရတို့၏ ဖောက်ပြန်ခြင်း တစ်မျိုး့တစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ဝိညာဏ်၌ တပ်စွန်းမှု မကင်းသူ, လိုချင်မှု မကင်းသူ, ခင်တွယ်မှု မကင်းသူ, မွတ်သိပ်မှုမကင်းသူ, ပူလောင်မှု မကင်းသူ, တောင့်တမှု, မကင်းသူအား ထိုဝိညာဏ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ငါ့သျှင်တို့ ငါတို့၏ ဆရာ မြတ်စွာဘုရားသည် ဤအပြစ်ကို မြင်၍ ရုပ်၌ လိုချင်တပ်မက်မှု’ဆန္ဒရာဂ’ ပယ်ဖျောက်ခြင်းကို ဟောတော်မူလေ့ရှိ၏၊ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင် တပ်မက်မှု ‘ဆန္ဒရာဂ’ ပယ်ဖျောက်ခြင်းကို ဟောတော်မူလေ့ရှိ၏ “ဟု ဤသို့ ဖြေကုန်လော့။
ငါ့သျှင်တို့ ဤသို့ ဖြေသော်လည်း မင်းပညာရှိ ပုဏ္ဏားပညာရှိ သူကြွယ်ပညာရှိ ရဟန်းပညာရှိတို့သည်တစ်ဆင့်တက်၍ ပြဿနာကို မေးတတ်ကြကုန်၏။ ငါသျှင်တို့ ပညာရှိသော လူတို့သည် “အသျှင် တို့၏ဆရာ မြတ်စွာဘုရားသည် အဘယ်အကျိုးကို မြင်၍ ရုပ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’ ပယ်ဖျောက်ခြင်းကို ဟောတော်မူလေ့ရှိပါသနည်း၊ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒ ရာဂ’ ပယ်ဖျောက်ခြင်းကို ဟောတော်မူလေ့ရှိပါသနည်း”ဟု စုံစမ်းတတ်ကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် ဤသို့ အမေးခံကြရသော် ရုပ်၌ တပ်စွန်းမှု ကင်းသူ, လိုချင်မှု ကင်းသူ,ခင်တွယ်မှု ကင်းသူ, မွတ်သိပ်မှု ကင်းသူ, ပူလောင်မှု ကင်းသူ, တောင့်တမှု ကင်းသူအား ထိုရုပ်၏ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုပြင်းစွာ ပင်ပန်းမှုတို့သည် မဖြစ်ကုန်။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ တပ်စွန်းမှု ကင်းသူ, လိုချင်မှုကင်းသူ, ခင်တွယ်မှု ကင်းသူ, မွတ်သိပ်မှု ကင်းသူ, ပူလောင်မှု ကင်းသူ, တောင့်တမှု ကင်းသူအားထိုသင်္ခါရတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် မဖြစ်ကုန်။ ဝိညာဏ် ၌ တပ်စွန်းမှု ကင်းသူ, လိုချင်မှု ကင်းသူ,ခင်တွယ်မှု ကင်းသူ, မွတ်သိပ်မှု ကင်းသူ, ပူလောင် မှုကင်းသူ, တောင့်တမှု ကင်းသူအား ထိုဝိညာဏ်၏ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ်ကုန်။ ငါ့သျှင်တို့ ငါတို့၏ ဆရာ မြတ်စွာ ဘုရားသည် ဤအကျိုးကို မြင်၍ ရုပ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’ ပယ်ဖျောက်ခြင်းကို ဟောတော်မူလေ့ ရှိ၏။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’ ပယ်ဖျောက်ခြင်းကို ဟော တော်မူလေ့ရှိ၏ “ဟု ဤသို့ဖြေကုန်လော့။
ငါ့သျှင်တို့ အကုသိုလ်တရားတို့သို့ ကပ်ရောက်နေသူအား မျက်မှောက်ဘဝ၌လည်း ချမ်းသာစွာနေရခြင်း မဆင်းရဲရခြင်း ပြင်းစွာ မပင်ပန်းရခြင်း မပူလောင်ရခြင်းတို့နှင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌လည်း ကောင်းသော လားရာကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်နိုင်ခြင်း ဖြစ်ခဲ့ပါမူ မြတ်စွာဘုရားသည် ဤအကုသိုလ်တရားတို့ကို ဤသို့ ပယ်ခြင်းကို ချီးမွမ်းတော်မမူရာ၊ ငါ့သျှင်တို့ အကုသိုလ်တရားတို့သို့ ကပ်ရောက်နေသူအား မျက်မှောက်ဘဝ၌လည်း ဆင်းရဲစွာ နေရခြင်း မချမ်းမသာ နေရခြင်းပြင်းစွာ ပင်ပန်းရခြင်း ပူလောင်ရခြင်းတို့နှင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်နိုင်ခြင်းကြောင့်သာ မြတ်စွာဘုရားသည် ဤအကုသိုလ်တရားတို့ကို ပယ်ခြင်းကို ချီးမွမ်းတော်မူ၏။
ငါ့သျှင်တို့ ကုသိုလ်တရားတို့သို့ ကပ်ရောက်နေသူအား မျက်မှောက်ဘဝ၌လည်း ဆင်းရဲစွာ နေရခြင်းမချမ်းမသာ နေရခြင်း ပြင်းစွာ ပင်ပန်းရခြင်း ပူလောင်ရခြင်းတို့နှင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌လည်း မကောင်းသော လားရာကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်နိုင်ခြင်း ဖြစ်ခဲ့ပါမူမြတ်စွာဘုရားသည် ဤကုသိုလ်တရားတို့နှင့် ပြည့်စုံခြင်းကို ချီးမွမ်းတော်မမူရာ၊ ငါ့သျှင်တို့ ကုသိုလ်တရားတို့သို့ ကပ်ရောက်နေသူအား မျက်မှောက်ဘဝ၌လည်း ချမ်းသာစွာ နေရခြင်း မဆင်းရဲရခြင်း ပြင်းစွာ့မပင်ပန်းရခြင်း မပူလောင်ရခြင်းတို့နှင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း ကောင်းသောလားရာကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်နိုင်ရသောကြောင့်သာ မြတ်စွာဘုရားသည် ကုသိုလ်တရားနှင့်ပြည့်စုံခြင်းကို ချီးမွမ်းတော်မူ၏။
အသျှင်သာရိပုတြာသည် ဤစကားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် အသျှင်သာရိပုတြာ၏စကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြလေကုန်၏။
ဒုတိယသုတ်။