သံယုတ္တနိကာယ်—၂၂

၂—အနိစ္စဝဂ်

၁ဝ—အာနန္ဒသုတ်

၂၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် “ြဲမတ်စွာဘုရား ‘ချုပ်မှု ချုပ်မှု’ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရားအဘယ်တရားတို့၏ ချုပ်မှုကို ချုပ်မှုဟု ဆိုရပါသနည်း “ဟု ဤစကားကို လျှောက်၏။

အာနန္ဒာ ရုပ်သည် မမြဲ၊ အပြုပြင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏၊ ထိုရုပ်၏ ချုပ်မှုကို ချုပ်မှုဟုဆိုရ၏။ ဝေဒနာသည် မမြဲ၊ အပြုပြင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘော ရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏၊ ထိုဝေဒနာ၏ ချုပ်မှုကိုချုပ်မှုဟု ဆိုရ၏၊ သညာသည်။ သင်္ခါရတို့သည် မမြဲကုန် အပြုပြင်ခံရကုန်၏၊ အကြောင်းကို စွဲ၍ ဖြစ်ကုန်၏၊ ကုန်ခြင်းသဘော ရှိကုန်၏၊ ပျက်ခြင်းသဘောရှိကုန်၏၊ ကင်းပြတ်ခြင်းသဘောရှိကုန်၏၊ ချုပ်ခြင်းသဘောရှိကုန်၏၊ ထိုသင်္ခါရ တို့၏ ချုပ်မှုကို ချုပ်မှုဟု ဆိုရ၏။ ဝိညာဏ်သည် မမြဲ၊ အပြုပြင်ခံရ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းပြတ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏၊ ထိုဝိညာဏ်၏ ချုပ်မှုကို ချုပ်မှုဟု ဆိုရ၏။ အာနန္ဒာ ဤတရားတို့၏ ချုပ်မှုကို ချုပ်မှုဟု ဆိုရ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် အနိစ္စဝဂ် ပြီး၏။