သံယုတ္တနိကာယ်—၂၂

၃—ဘာရဝဂ်

၁—ဘာရသုတ်

၂၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ ရဟန်းတို့ ဝန်ကိုလည်းကောင်း၊ ဝန်ဆောင်သမားကိုလည်းကောင်း၊ ဝန်ယူရကြောင်းကိုလည်းကောင်း၊ ဝန်ချထားခြင်းကိုလည်းကောင်း သင်တို့အား ဟောကြားအံ့၊ ထိုတရားကို နာကုန်လော့။

ရဟန်းတို့ ဝန်ဟူသည် အဘယ်နည်း။ “ဥပါဒါနက္ခန္ဓာငါးမျိုးတို့”ဟု ဆိုအပ်သည် ဖြစ်ရာ၏။

အဘယ်ငါးမျိုးတို့နည်း၊ ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ၊ သညာဟူသောဥပါဒါနက္ခန္ဓာ၊ သင်္ခါရဟူသော ဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဤသည်ကို ဝန်ဟု ဆိုအပ်သည် ဖြစ်ရာ၏။

ရဟန်းတို့ ဝန်ဆောင်သမားဟူသည် အဘယ်နည်း။ “ပုဂ္ဂိုလ်”ဟု ဆိုအပ်သည် ဖြစ်ရာ၏၊ ဤအသျှင်ကား ဤသို့ အမည်ရှိ၏၊ ဤသို့ အနွယ်ရှိ၏ဟု ဆိုရသော ပုဂ္ဂိုလ်ပင်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကိုဝန်ဆောင်သမားဟု ဆိုရ၏။

ရဟန်းတို့ ဝန်ယူရကြောင်းဟူသည် အဘယ်နည်း။ ကာမ၌ တပ်မက်မှု ‘ကာမတဏှာ’၊ ဘဝ၌ တပ်မက်မှု ‘ဘဝတဏှာ’၊ ဘဝပြတ်ခြင်း၌ တပ်မက်မှု ‘ဝိဘဝတဏှာ’ ဟူသော ဘဝသစ်ကို ဖြစ်စေနိုင်သော နှစ်သက်စွဲမက်မှုနှင့် တကွဖြစ်သော ထိုထိုဖြစ်ရာ အာရုံတို့ကို အလွန်နှစ်သက်တတ်သော တဏှာပင်တည်း။ ရဟန်းတို့ ဤတဏှာကို ဝန်ယူရကြောင်းဟု ဆိုရ၏။

ရဟန်းတို့ ဝန်ချထားခြင်းဟူသည် အဘယ်နည်း၊ ထိုတပ်မက်မှု ‘တဏှာ’၏သာလျှင် အကြွင်းမဲ့ကင်းပြတ်ချုပ်ငြိမ်းခြင်း စွန့်ခြင်း မကပ်ငြိခြင်း လွတ်ခြင်း မတွယ်တာခြင်းတည်း။ ရဟန်းတို့ ဤသည်ကိုဝန်ချထားခြင်းဟု ဆိုရ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးနောက် တစ်ပါးသော ဤဂါထာကို မိန့်တော်မူ ပြန်၏ —

“ခန္ဓာငါးမျိုးတို့သည် စင်စစ် ဝန်တို့တည်း။ ပုဂ္ဂိုလ်ကား ဝန်ဆောင်သမား တည်း။ ဝန်ကိုယူရခြင်းသည် လောက၌ ဆင်းရဲ၏၊ ဝန်ကို ချထားခြင်းသည် ချမ်းသာ၏။

လေးသော ဝန်ကို ချထားပြီးလျှင် တစ်ပါးသော ဝန်ကို မယူမူ၍ အမြစ်ရင်းနှင့် တကွ တဏှာကိုနုတ်ပယ်ပြီးလျှင် ဆာလောင်မှု’တဏှာ’ ကင်းသည်ဖြစ်၍ အေးငြိမ်း ရ၏ “ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။