သံယုတ္တနိကာယ်—၂၂
၃—ဘာရဝဂ်
၅—အဿာဒသုတ်
၂၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ငါသည် (သစ္စာလေးပါးကို) မသိမီ သစ္စာလေးပါးကို မသိသေး သောဘုရားလောင်းဖြစ်စဉ် ဤသို့ အကြံဖြစ်၏ —“ရုပ်၏ သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကားအဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း။ ဝေဒနာ၏ သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း။ သညာ၏ သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း။ သင်္ခါရတို့၏ သာယာဖွယ်ကားအဘယ်နည်း၊ အပြစ် ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း။ ဝိညာဏ်၏သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း”ဟု ( ဤသို့ အကြံဖြစ်၏)။
ရဟန်းတို့ ထိုငါ့အား ရုပ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုသည် ရုပ်၏သာယာဖွယ်တည်း၊ ရုပ်၏ မမြဲသော ဆင်းရဲသော ဖောက်ပြန်သော သဘောသည် ရုပ်၏ အပြစ်တည်း၊ ရုပ်၌ လိုချင် စွဲမက်မှု “ဆန္ဒရာဂ”ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု “ဆန္ဒရာဂ”ကို ပယ်ခြင်းသည် ရုပ်၏ထွက်မြောက်ရာတည်း။ ဝေဒနာကို အစွဲပြု၍ ဖြစ်ပေါ်လာသောကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုသည်ဝေဒနာ၏ သာယာဖွယ်တည်း၊ ဝေဒနာ၏ မမြဲသော ဆင်းရဲသော ဖောက်ပြန်သော သဘောသည်ဝေဒနာ၏ အပြစ်တည်း၊ ဝေဒနာ၌ လိုချင်စွဲမက်မှု “ဆန္ဒရာဂ”ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု”ဆန္ဒရာဂ”ကိုပယ်ခြင်းသည် ဝေဒနာ၏ ထွက်မြောက်ရာတည်း။ သညာကို အစွဲပြု၍ ဖြစ်ပေါ်လာသော။ပ။ သင်္ခါရတို့ကိုအစွဲပြု၍ ဖြစ်ပေါ်လာသောကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုသည် သင်္ခါရတို့၏ သာယာဖွယ်တည်း၊ သင်္ခါရတို့၏ မမြဲ သော ဆင်းရဲသော ဖောက်ပြန်သော သဘောသည် သင်္ခါရတို့၏ အပြစ်တည်း၊ ့သင်္ခါရတို့၌ လိုချင်စွဲမက်မှု “ဆန္ဒရာဂ”ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု “ဆန္ဒရာဂ”ကို ပယ်ခြင်းသည်သင်္ခါရတို့၏ ထွက်မြောက်ရာ တည်း။ ဝိညာဏ်ကို အစွဲပြု၍ ဖြစ်ပေါ်လာသောကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုသည် ဝိညာဏ်၏ သာယာဖွယ်တည်း၊ ဝိညာဏ်၏ မမြဲသော ဆင်းရဲသော ဖောက်ပြန်သောသဘောသည် ဝိညာဏ်၏ အပြစ် တည်း၊ ဝိညာဏ်၌ လိုချင်စွဲမက်မှု “ဆန္ဒရာဂ”ကို ဖျောက်ခြင်းလိုချင်စွဲမက်မှု “ဆန္ဒရာဂ”ကို ပယ်ခြင်းသည် ဝိညာဏ်၏ ထွက်မြောက်ရာတည်း။
ရဟန်းတို့ ဤဥပါဒါနက္ခခန္ဓာငါးမျိုးတို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်ဟူ၍ အပြစ်ကိုလည်းအပြစ်ဟူ၍ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာဟူ၍ ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများ နှင့် တကွသော လူ့လောက၌ “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ရပြီ”ဟု ငါ ဝန်မခံ။ ရဟန်းတို့ ဤ ဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ ဤသို့ သာယာဖွယ်ကိုလည်း သာယာဖွယ်ဟူ၍ အပြစ်ကိုလည်းအပြစ်ဟူ၍ ထွက် မြောက်ရာကိုလည်း ထွက်မြောက်ရာဟူ၍ ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါမှသာလျှင်နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူ့လောက၌ “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ရပြီ”ဟု ငါ ဝန်ခံခဲ့၏။ ငါ့အား ဉာဏ်အမြင်သည်ထင်ရှားဖြစ်၏၊ ငါ၏ အရဟတ္တဖိုလ်စိတ်သည် မပျက်စီး၊ ဤဘဝကား နောက်ဆုံးဘဝတည်း၊ နောက်တစ်ဖန် ဖြစ်ခြင်းမရှိတော့ပြီဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။