သံယုတ္တနိကာယ်—၂၂
၃—ဘာရဝဂ်
၆—ဒုတိယအဿာဒသုတ်
၂၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ငါသည် ရုပ်၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ဖူးပြီ။ ရုပ်၏သာယာဖွယ်ကို သိခဲ့ပြီ၊ ရုပ်၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်ခဲ့ပြီ။ ရဟန်းတို့ငါသည် ရုပ်၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ဖူးပြီ၊ ရုပ်၏ အပြစ်ကို သိခဲ့ပြီ၊ ရုပ်၏ အပြစ်ရှိသမျှကိုပညာဖြင့် ငါ ကောင်းစွာ မြင်ခဲ့ပြီ။ ရဟန်းတို့ ငါသည် ရုပ်၏ ထွက်မြောက်ရာကို ရှာမှီးလျက်လှည့်လည်ခဲ့ ဖူးပြီ။ ရုပ်၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ ရုပ်၏ ထွက်မြောက်ရာ ရှိသမျှကို ပညာဖြင့် ငါကောင်းစွာ မြင်ခဲ့ ပြီ။ ရဟန်းတို့ ငါသည် ဝေဒနာ၏။ပ။ ရဟန်းတို့ ငါသည် သညာ၏။ ရဟန်းတို့ငါသည် သင်္ခါရတို့၏။ ရဟန်းတို့ ငါသည် ဝိညာဏ်၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ဖူးပြီ၊ ဝိညာဏ်၏ သာယာဖွယ်ကို သိခဲ့ပြီ၊ ဝိညာဏ်၏ သာယာဖွယ် ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာမြင်ခဲ့ပြီ။ ရဟန်းတို့ ငါသည် ဝိညာဏ်၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ခဲ့ပြီ၊ ဝိညာဏ်၏ အပြစ်ကိုသိခဲ့ပြီ။ ဝိညာဏ်၏ အပြစ်ရှိသမျှ ကို ပညာဖြင့် ငါ ကောင်းစွာ မြင်ခဲ့ပြီ။ ရဟန်းတို့ ငါသည် ဝိညာဏ်၏ထွက်မြောက်ရာကို ရှာမှီးလျက် လှည့်လည်ခဲ့ဖူးပြီ၊ ဝိညာဏ်၏ ထွက်မြောက်ရာကို သိခဲ့ပြီ။ ဝိညာဏ်၏ထွက်မြောက်ရာ ရှိသမျှကို ပညာ ဖြင့် ငါ ကောင်းစွာ မြင်ခဲ့ပြီ။
ရဟန်းတို့ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်ဟူ၍ အပြစ်ကိုလည်းအပြစ်ဟူ၍ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာဟူ၍ ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး အတုမဲ့ သဗ္ဗညုတဉာဏ်ကို ရပြီဟု ငါ ဝန်မခံသေး။ပ။ ဝန်ခံပြီ။ပ။ ငါ့အား ဉာဏ်အမြင်သည်ထင်ရှားဖြစ်ပြီ။ ငါ၏ အရဟတ္တဖိုလ်စိတ်သည် မပျက်စီး၊ ဤဘဝကား နောက်ဆုံးဘဝတည်း၊ နောက်ထပ်တစ်ဖန် ဖြစ်ခြင်း မရှိတော့ပြီဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။