သံယုတ္တနိကာယ်—၂၂

၃—ဘာရဝဂ်

၇—တတိယ အဿာဒသုတ်

၂၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်၏ သာယာဖွယ် မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ရုပ်၌ မစွဲမက်ကုန်ရာ၊ ရဟန်းတို့ ရုပ်၏ သာယာဖွယ် ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ရုပ်၌ စွဲမက်ကုန်၏။

ရဟန်းတို့ ရုပ်၏ အပြစ် မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ရုပ်၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ ရုပ်၏ အပြစ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ရုပ်၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ ရုပ်၏ ထွက်မြောက်ရာ မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ရုပ်မှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ ရုပ်၏ ထွက်မြောက်ရာ ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ရုပ်မှ ထွက်မြောက်ကြကုန်၏။ ရဟန်းတို့ ဝေဒနာ၏။ ရဟန်းတို့ သညာ၏။

ရဟန်းတို့ သင်္ခါရတို့၏ ထွက်မြောက်ရာ မရှိခဲ့ပါလျှင် သတ္တဝါတို့သည် သင်္ခါရတို့မှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ သင်္ခါရတို့၏ ထွက်မြောက်ရာ ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် သင်္ခါရတို့မှထွက်မြောက်ကြကုန်၏။ ရဟန်းတို့ ဝိညာဏ်၏ သာယာဖွယ် မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ဝိညာဏ်၌ မစွဲမက်ကုန်ရာ၊ ရဟန်းတို့ ဝိညာဏ်၏ သာယာဖွယ် ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ဝိညာဏ်၌ စွဲမက်ကုန်၏။ ရဟန်းတို့ ဝိညာဏ်၏ အပြစ် မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ဝိညာဏ်၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ ဝိညာဏ်၏ အပြစ်ရှိသောကြောင့်သာလျှင် သတ္တဝါတို့သည် ဝိညာဏ်၌ ငြီးငွေ့ကုန်၏။

ရဟန်းတို့ ဝိညာဏ်၏ ထွက်မြောက်ရာ မရှိခဲ့ပါလျှင် သတ္တဝါတို့သည် ဝိညာဏ်၌ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ ဝိညာဏ်၏ ထွက်မြောက်ရာ ရှိသောကြောင့်သာလျှင်သတ္တဝါတို့သည် ဝိညာဏ်မှ ထွက်မြောက်ကြကုန်၏။

ရဟန်းတို့ သတ္တဝါတို့သည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်ဟူ၍ အပြစ်ကိုလည်း အပြစ်ဟူ၍ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာဟူ၍ ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောကမှ ထွက်မြောက်ကွေကွင်း လွတ်ကင်းကုန်သည်ဖြစ်၍ အပိုင်းအခြား မရှိသော စိတ်ဖြင့် မနေရကုန်။ ရဟန်းတို့ သတ္တဝါတို့သည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ သာယာဖွယ်ကိုလည်း သာယာဖွယ်ဟူ၍ အပြစ်ကိုလည်း အပြစ်ဟူ၍ ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာဟူ၍ ဟုတ် တိုင်းမှန်စွာ သိကြသော အခါမှသာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့်သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ထွက်မြောက်ကွေကွင်းလွတ်ကင်းကုန်သည်ဖြစ်၍ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။