သံယုတ္တနိကာယ်—၂၂

၁—နကုလပိတုဝဂ်

၃—ဟာလိဒ္ဒိကာနိသုတ်

၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် အဝန္တိတိုင်း ကုလဃရမြို့ တောင်ကမ်းပါးပြတ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဟာလိဒ္ဒိကာနိသူကြွယ်သည်အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် ဤစကားကိုလျှောက်၏၊ “အသျှင်ဘုရား အဋ္ဌကဝဂ်၌ လာသော မာဂဏ္ဍိယပြဿနာဝယ်—

“အမြဲနေရာ အိမ်ကို ပယ်၍ ယာယီအိမ်တည်းဟူသော တည်ရာ မရှိသော၊ ရွာ၌ အကျွမ်းဝင် မှုတို့ကိုမပြုသော၊ ကာမတို့မှ ကင်းဆိတ်သော၊ (ဝဋ်ကို) ရှေ့သွား မပြုသော ရဟန်းသည် လူတို့နှင့် ငြင်းခုံ၍ စကားပြောမှုကို မပြုရာ”ဟု—

ဤစကားကို မြတ်စွာဘုရား ဟောထားပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား အကျဉ်းဟောထားသော ဤစကား၏ အကျယ်အနက်ကို အဘယ်သို့ မှတ်ရပါမည်နည်း”ဟု လျှောက်၏။

သူကြွယ် ဖောက်ပြန်မှု ရုပ်ဓာတ်သည် သိမှုဝိညာဏ်၏ အိမ်မည်၏၊ ဖောက်ပြန်မှု ရုပ်ဓာတ်၌ တပ်မက်မှုဖြင့် ဖွဲ့စပ်နေသော ဝိညာဏ်ကိုမူကား “အိမ်ဟူသော တည်ရာ ရှိ၏ “ဟု ဆိုရ၏။ သူကြွယ်ခံစားမှု ‘ဝေဒနာ’ ဓာတ်သည် သိမှု ‘ဝိညာဏ်’၏ အိမ်မည်၏၊ ခံစားမှု ‘ဝေဒနာ’ဓာတ်၌ တပ်မက်မှုဖြင့် ဖွဲ့စပ်နေသော ဝိညာဏ်ကိုမူကား “အိမ်ဟူသော တည်ရာ ရှိ၏ “ဟု ဆိုရ၏။ သူကြွယ် မှတ်သားမှု ‘သညာ’ဓာတ်သည် သိမှု ‘ဝိညာဏ်’၏ အိမ်မည်၏၊ မှတ်သားမှု ‘သညာ’ဓာတ်၌ တပ်မက်မှုဖြင့် ဖွဲ့စပ်နေသောဝိညာဏ်ကိုမူကား “အိမ်ဟူသော တည်ရာ ရှိ၏ “ဟု ဆိုရ၏။ သူကြွယ် ပြုပြင်မှု ‘သင်္ခါရ’ဓာတ်သည် သိမှု’ဝိညာဏ် ‘၏ အိမ်မည်၏၊ ပြုပြင်မှု ‘သင်္ခါရ’ ဓာတ်၌ တပ်မက်မှုဖြင့် ဖွဲ့စပ်နေသော ဝိညာဏ်ကိုမူကား”အိမ်ဟူသော တည်ရာ ရှိ၏ “ဟု ဆိုရ၏။ သူကြွယ် ဤသို့လျှင် အမြဲနေရာ အိမ်ဟူသော တည်ရာရှိသူဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် အမြဲနေအိမ်ဟူသော တည်ရာမရှိသူ ဖြစ်သနည်း။ သူကြွယ် ဖောက်ပြန်မှုရုပ်ဓာတ်၌ စိတ်၏ တည်ရာ အမှားနှလုံးသွင်းရာ ကိန်းဝပ်ရာဖြစ်ကုန်သော လိုချင်မှု စွဲမက်မှု နှစ်သက်မှုတပ်မက်မှု ကပ်ရောက်မှု စွဲလမ်းမှုတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ဖြတ်အပ်ကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောက်တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်ပြီ၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့် မြတ်စွာဘုရားကို “အမြဲနေအိမ်ဟူသောတည်ရာ မရှိသူ”ဟု ဆိုရ၏။ သူကြွယ် ခံစားမှု ‘ဝေဒနာ’ ဓာတ်၌ ။ မှတ်သားမှု ‘သညာ’ ဓာတ်၌ ။ ပြုပြင်မှု’သင်္ခါရ’ ဓာတ်၌ ။ သိမှု’ဝိညာဏ’ဓာတ်၌ စိတ်၏ တည်ရာ အမှားနှလုံးသွင်းရာ ကိန်းဝပ်ရာဖြစ်ကုန်သောလိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှု ကပ်ရောက်မှု စွဲလမ်းမှုတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောက်တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ကုန်ပြီ၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့်မြတ်စွာဘုရားကို “အမြဲနေရာ အိမ်ဟူသော တည်ရာ မရှိသူ”ဟု ဆိုရ၏။ သူကြွယ် ဤသို့လျှင်အမြဲနေအိမ်ဟူသော တည်ရာ မရှိသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ယာယီအိမ်ဟူသော တည်ရာရှိသူ ဖြစ်သနည်း။ သူကြွယ် ရူပါရုံတည်းဟူသော (ကိလေသာဖြစ်ကြောင်း) ယာယီအိမ်၌ ကိလေသာ ပျံ့နှံ့ဖွဲ့စပ်သူတို့ကို “ယာယီအိမ်ဟူသောတည်ရာ ရှိသူ”ဟု ဆိုရ၏။ သဒ္ဒါရုံ။ပ။ ဂန္ဓာရုံ။ ရသာရုံ။ ဖောဋ္ဌဗ္ဗာရုံ။ ဓမ္မာရုံတည်းဟူသော (ကိလေသာဖြစ်ကြောင်း) အိမ်၌ ကိလေသာ ပျံ့နှံ့ဖွဲ့စပ်သူတို့ကို “ယာယီအိမ်ဟူသော တည်ရာရှိသူ”ဟုဆိုရ၏။ သူကြွယ် ဤသို့ လျှင် ယာယီအိမ်ဟူသော တည်ရာရှိသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ယာယီအိမ်ဟူသော တည်ရာမရှိသူ ဖြစ်သနည်း။ သူကြွယ် ရူပါရုံတည်းဟူသော ယာယီအိမ်၌ ကိလေသာ ပျံ့နှံ့ဖွဲ့စပ်မှုတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကိုအကြွင်းမဲ့ ဖြတ်အပ်ကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောက်တစ်ဖန် မဖြစ်ခြင်းကိုပြုအပ်ကုန်ပြီ၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့် မြတ်စွာဘုရားကို”ယာယီအိမ်ဟူသော တည်ရာ မရှိသူ”ဟု ဆိုရ၏။ သဒ္ဒါရုံ။ ဂန္ဓာရုံ။ ရသာရုံ။ ဖောဋ္ဌဗ္ဗာရုံ။ ဓမ္မာရုံတည်းဟူသော ယာယီအိမ်၌ ကိလေသာ ပျံ့နှံ့ဖွဲ့စပ်မှုတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ကုန် ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ကုန်ပြီ၊ နောက်တစ်ဖန်မဖြစ်ခြင်းကို ပြုအပ်ကုန်ပြီ၊ နောင် အခါ ဖြစ်ပေါ်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့် မြတ်စွာဘုရားကို”ယာယီအိမ်ဟူသော တည်ရာ မရှိသူ”ဟု ဆိုရ၏။ သူကြွယ် ဤသို့လျှင် ယာယီအိမ်ဟူသော တည်ရာမရှိသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ရွာ၌ အကျွမ်းဝင်မှုရှိသူ ဖြစ်သနည်း။ သူကြွယ် ဤလောက၌ အချို့သူသည်လူတို့နှင့် ပေါင်းသင်း၍ နေ၏၊ တကွ နှစ်သက်ခြင်းရှိ၏၊ တကွ စိုးရိမ်ခြင်းရှိ၏၊ လူတို့ ချမ်းသာကြသော် ချမ်းသာ၏၊ လူတို့ ဆင်းရဲကြသော် ဆင်းရဲ၏၊ ကိစ္စကြီးငယ်တို့ ဖြစ်လာကုန်လတ်သော် ထိုကိစ္စကြီးငယ်တို့၌ ကိုယ်တိုင် အားထုတ်ခြင်းသို့ ရောက်၏။ သူကြွယ် ဤသို့လျှင် ရွာ၌ အကျွမ်းဝင်မှုရှိသူဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ရွာ၌ အကျွမ်းဝင်မှု မရှိသူ ဖြစ်သနည်း။ သူကြွယ် ဤသာသနာတော်၌ ရဟန်းသည် လူတို့နှင့် မပေါင်းသင်းဘဲ နေ၏၊ တကွ နှစ်သက်ခြင်း မရှိ၊ တကွ စိုးရိမ်ခြင်း မရှိ၊ လူတို့ချမ်းသာကြသော် မချမ်းသာ၊ လူတို့ ဆင်းရဲကြသော် မဆင်းရဲ၊ ကိစ္စကြီးငယ်တို့ ဖြစ်လာကုန်လတ်သော်ထိုကိစ္စကြီးငယ်တို့၌ ကိုယ်တိုင် အားထုတ်ခြင်းသို့ မရောက်။ သူကြွယ် ဤသို့လျှင် ရွာ၌ အကျွမ်းဝင်မှုမရှိသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ကာမတို့မှ မကင်းဆိတ်သူ ဖြစ်သနည်း။ သူကြွယ် ဤလောက၌ အချို့သူသည် ကာမတို့၌ စွဲမက်မှု မကင်း၊ လိုချင်မှု မကင်း၊ ခင်တွယ်မှု မကင်း၊ မွတ်သိပ်မှု မကင်း၊ ပူလောင်မှုမကင်း၊ တပ်မက်မှု မကင်း။ ဤသို့လျှင် ကာမတို့မှ မကင်းဆိတ်သူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် ကာမတို့မှ ကင်းဆိတ်သူ ဖြစ်သနည်း။ သူကြွယ် ဤလောက၌ အချို့သူသည် ကာမတို့၌ စွဲမက်မှု ကင်း၏၊ လိုချင်မှု ကင်း၏၊ ခင်တွယ်မှု ကင်း၏၊ မွတ်သိပ်မှု ကင်း၏၊ ပူလောင်မှု ကင်း၏၊ တပ်မက်မှု ကင်း၏။ ဤသို့လျှင် ကာမတို့မှ ကင်းဆိတ်သူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် (ဝဋ်ကို) ရှေ့သွားပြုသူ ဖြစ်သနည်း။ သူကြွယ် ဤလောက၌ အချို့ သူအား”အနာဂတ်ကာလ၌ ဤသို့ ရုပ်ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ ခံစားမှု ‘ဝေဒနာ’ ရှိသူဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ မှတ်သားမှု ‘သညာ’ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ပြုပြင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ သိမှု’ဝိညာဏ် ‘ရှိသူ ဖြစ်ရလို၏ “ဟု စိတ်ဖြစ်၏။ သူကြွယ် ဤသို့လျှင် (ဝဋ်ကို) ရှေ့သွားပြုသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် (ဝဋ်ကို) ရှေ့သွား မပြုသူ ဖြစ်သနည်း။ သူကြွယ် ဤသာသနာတော်၌ အချို့သူအား “အနာဂတ်ကာလ၌ ဤသို့ ရုပ်ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ခံစားမှု ‘ဝေဒနာ’ ရှိသူ ဖြစ်ရလို၏၊ “အနာဂတ်ကာလ၌ ဤသို့ မှတ်သားမှု ‘သညာ’ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့ ပြုပြင်မှု ‘သင်္ခါရ’ရှိသူ ဖြစ်ရလို၏၊ အနာဂတ်ကာလ၌ ဤသို့သိမှု’ဝိညာဏ် ‘ ရှိသူ ဖြစ်ရလို၏ “ဟု စိတ် မဖြစ်။ သူကြွယ် ဤသို့လျှင် (ဝဋ်ကို) ရှေ့သွား မပြုသူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် လူတို့နှင့် ငြင်းခုံ၍ စကားပြောတတ်သူ ဖြစ်သနည်း။ သူကြွယ် ဤလောက၌ အချို့သူသည် ဤသို့ သဘောရှိသော စကားကို ဆိုတတ်၏— “သင်သည် ဤဓမ္မဝိနယကိုမသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မဝိနယကို အသို့ သိနိုင်အံ့နည်း၊ သင်သည်မှားသော အကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သော အကျင့်ရှိသူ ဖြစ်၏၊ ရှေ့ဆိုသင့်သည်ကို နောက်မှဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေ့ဆို၏၊ ငါ၏ စကားသည် ပြေပြစ်၏၊ သင်၏ စကားသည် မပြေပြစ်၊ သင်၏ ကြာမြင့် စွာ လေ့လာထားသော စကားသည် သင့်ဆီသို့ ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသော အပြစ်ကို ငါ တင်ပြပြီ၊ သင် အရေးနိမ့်ပြီ၊ ငါ တင်ပြသော အပြစ်မှ လွတ်မြောက်ရန်ရှာကြံချေဦးလော့၊ သင့်ကို နှိမ် အပ်ပြီ၊ စွမ်းနိုင်လျှင် ဖြေဦးလော့”ဟု ဤသို့လျှင် လူတို့နှင့် ငြင်းခုံ၍ ဤသို့ သဘောရှိသော စကားကို ပြောတတ်သူ ဖြစ်၏။

သူကြွယ် အဘယ်သို့လျှင် လူတို့နှင့် ငြင်းခုံ၍ စကားပြောတတ်သူ မဖြစ်သနည်း။ သူကြွယ် ဤသာသနာတော်၌ ရဟန်းသည် ဤသို့ သဘောရှိသော စကားကို မပြောတတ် —“သင်သည် ဤဓမ္မဝိနယကိုမသိ။ပ။ စွမ်းနိုင်လျှင် ဖြေဦးလော့”ဟု ဤသို့လျှင် လူတို့နှင့် ငြင်းခုံ၍ ဤသို့ သဘောရှိသော စကားကိုပြောတတ်သူ မဖြစ်။

သူကြွယ် ဤသို့ အဋ္ဌကဝဂ်၌ လာသော မာဂဏ္ဍိယပြဿနာဝယ်—

“အမြဲနေရာ အိမ်ကို ပယ်၍ ယာယီအိမ်ဟူသော တည်ရာ မရှိသော၊ ရွာ၌ အကျွမ်းဝင် မှုတို့ကိုမပြုသော၊ ကာမတို့မှ ကင်းဆိတ်သော၊ (ဝဋ်ကို) ရှေ့သွား မပြုသော ရဟန်းသည် လူတို့နှင့် ငြင်းခုံ၍ စကားပြောမှုကို မပြုရာ”ဟု—

မြတ်စွာဘုရား အကျဉ်း ဟောထားတော်မူသော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့မှတ်အပ်၏ဟု (မိန့်ဆို၏)။

တတိယသုတ်။