သံယုတ္တနိကာယ်—၂၂

၃—ဘာရဝဂ်

၁ဝ—အဃမူလသုတ်

၃၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲ၏ အရင်းမူလကိုလည်းကောင်းဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ဆင်းရဲဟူသည် အဘယ်နည်း။ ရဟန်းတို့ရုပ်သည် ဆင်းရဲတည်း၊ ဝေဒနာသည် ဆင်းရဲတည်း၊ သညာသည် ဆင်းရဲတည်း၊ သင်္ခါရတို့သည်ဆင်းရဲတို့တည်း။ ဝိညာဏ်သည် ဆင်းရဲတည်း။ ရဟန်းတို့ ဤရုပ်စသောတရားကို ဆင်းရဲဟု ဆိုရ၏။

ရဟန်းတို့ ဆင်းရဲ၏ အရင်းမူလဟူသည် အဘယ်နည်း။ ကာမ၌ တပ်မက်မှု၊ ဘဝ၌ တပ်မက်မှု၊ ဘဝပြတ်ခြင်း၌ တပ်မက်မှုဟူသော ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်မက်မှု ‘နန္ဒီရာဂ’ နှင့် တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်တတ်သော တဏှာတည်း။ ရဟန်းတို့ ဤတဏှာကို ဆင်းရဲ၏အရင်းမူလဟု ဆိုရ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။