သံယုတ္တနိကာယ်—၂၂

၄—နတုမှာကဝဂ်

၃—အညတရဘိက္ခုသုတ်

၃၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရားတောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ယောက်တည်းဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ လုံ့လပြုလျက် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏”ဟု (လျှောက်၏)။ ရဟန်း အကြင်တရားကို အာရုံပြု၍ ကိန်းဝပ်၏၊ ထိုကိန်းဝပ်သောတရားဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏၊ အကြင်တရားကို အာရုံပြု၍ မကိန်းဝပ်၊ ထိုမကိန်းဝပ်သောတရားဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်ဟု ဟောတော်မူ၏။ မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာ ဘုရား သိပါပြီ”ဟု (လျှောက်၏)။

ရဟန်း သင်သည် ငါ အကျဉ်းဟောထားသော တရား၏ အကျယ်ဖြစ်သော အနက်ကို အဘယ်သို့သိသနည်း။ အသျှင်ဘုရား ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ ဝေဒနာကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ သညာကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။

သင်္ခါရတို့ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်းသို့ ရောက်၏။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည်အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်း သို့ ရောက်၏။

အသျှင်ဘုရား ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုမကိန်းတရားဖြင့်ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ ဝေဒနာကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုမကိန်းတရားဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ သညာကို အာရုံပြု၍ အကိန်းတရားသည်အကယ်၍ မကိန်းငြားအံ့။ သင်္ခါရတို့ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုမကိန်းတရားဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်ဟု မြတ်စွာဘုရား အကျဉ်းဟောထားသော ဤတရား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ အကျွန်ုပ် သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ၊ ကောင်းပေစွ၊ ရဟန်း သင်သည် ငါ အကျဉ်းဟောထားသော တရား၏အကျယ်ဖြစ်သော အနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်ကို အာရုံပြု၍ အကိန်းတရားသည်အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူ တွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်း သို့ ရောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ ကိန်းငြားအံ့၊ ထိုအကိန်းတရားဖြင့် (တပ်မက်သူ ပြစ်မှားသူတွေဝေသူဟူ၍ ) ခေါ်ဝေါ်ပညတ်ခြင်း သို့ ရောက်၏။

ရဟန်း ရုပ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုမကိန်းတရားဖြင့်ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အာရုံပြု၍ အကိန်းတရားသည် အကယ်၍ မကိန်းငြားအံ့၊ ထိုမကိန်းတရားဖြင့် ခေါ်ဝေါ်ပညတ်ခြင်းသို့ မရောက်။ ရဟန်း ငါအကျဉ်းဟောထားသော ဤတရား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်အပ်၏ဟု (မိန့်တော်မူ၏)။

ထို့နောက် ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထပြီးလျှင်မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲသွားလေ၏။

ထိုအခါ ထိုရဟန်းသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်ထားသော စိတ်ရှိသည် ဖြစ်၍ နေသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုကုန်သော အမျိုးသားတို့ လိုလားတောင့်တကြသည့် အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ ယခုဘဝ၌ ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေရ၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါး အပါအဝင် ဖြစ်လေသတည်း။

တတိယသုတ်။