သံယုတ္တနိကာယ်—၂၂

၄—နတုမှာကဝဂ်

၅—အာနန္ဒသုတ်

၃၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏။ အာနန္ဒာ သင့်ကို “ငါ့သျှင် အာနန္ဒာအဘယ်တရားတို့၏ ဖြစ်ပေါ်မှုသည် ထင်သနည်း၊ ပျက်မှုသည် ထင်သနည်း၊ တည်သော တရား၏ဖောက်ပြန်မှုသည် ထင်သနည်း”ဟု အကယ်၍ မေးလာကြကုန်မူ အာနန္ဒာ ဤသို့ အမေးခံရသောသင်သည် အဘယ်သို့ ဖြေမည်နည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား အကယ်၍ တပည့်တော်ကို”ငါ့သျှင် အာနန္ဒာ အဘယ်တရားတို့၏ ဖြစ်ပေါ်မှုသည် ထင်သနည်း၊ ပျက်မှုသည် ထင်သနည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်သနည်း”ဟု ဤသို့ မေးလာကြကုန်မူ အသျှင်ဘုရား ဤသို့အမေးခံ ရသော အကျွန်ုပ်သည် “ငါ့သျှင်တို့ ရုပ်၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော ရုပ်၏ ဖောက်ပြန်မှုသည် ထင်၏။ ခံစားမှု “ဝေဒနာ”၏။ မှတ်သားမှု “သညာ”၏။

ပြုပြင်မှု “သင်္ခါရ” တို့၏။ ဝိညာဏ်၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သောဝိညာဏ်၏ ဖောက်ပြန်မှုသည် ထင်၏။ ငါ့သျှင်တို့ ဤတရားတို့၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည်ထင်၏၊ တည်ကုန်သော တရားတို့၏ ဖောက်ပြန်မှုသည် ထင်၏”ဟု ဖြေပါအံ့။ အသျှင်ဘုရား ဤသို့အမေးခံရသော အကျွန်ုပ်သည် ဤသို့ ဖြေပါအံ့။

အာနန္ဒာ ကောင်းပေစွ၊ ကောင်းပေစွ၊ အာနန္ဒာ ရုပ်၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော ရုပ်၏ ဖောက်ပြန်မှုသည် ထင်၏။ ခံစားမှု “ဝေဒနာ”၏။ မှတ်သားမှု “သညာ”၏။ ပြုပြင်မှု”သင်္ခါရ”တို့၏။ ဝိညာဏ်၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော ဝိညာဏ်၏ ဖောက်ပြန်မှုသည် ထင်၏။ အာနန္ဒာ ဤတရားတို့၏ ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သောတရားတို့၏ ဖောက်ပြန်မှုသည် ထင်၏။ အာနန္ဒာ ဤသို့ အမေးခံရသော သင်သည် ဤသို့ ဖြေရာ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။