သံယုတ္တနိကာယ်—၂၂

၄—နတုမှာကဝဂ်

၆—ဒုတိယ အာနန္ဒသုတ်

၃၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ — အာနန္ဒာ သင့်ကို “ငါ့သျှင်အာနန္ဒာ အဘယ်တရားတို့၏ ဖြစ်မှုသည် ထင်ခဲ့သနည်း၊ ပျက်မှုသည် ထင်ခဲ့သနည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်ခဲ့သနည်း၊ အဘယ်တရားတို့၏ ဖြစ်မှုသည် ထင်လတ္တံ့နည်း၊ ပျက်မှုသည် ထင်လတ္တံ့နည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့နည်း၊ အဘယ်တရားတို့၏ ဖြစ်မှုသည် ထင်သနည်း၊ ပျက်မှုသည် ထင်သနည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်သနည်း”ဟု မေးခဲ့ငြားအံ့၊ အာနန္ဒာ ဤသို့ အမေးခံရသော သင်သည် အဘယ်သို့ ဖြေမည်နည်း။

အသျှင်ဘုရား “ငါ့သျှင် အာနန္ဒာ အဘယ်တရားတို့၏ ဖြစ်မှုသည် ထင်ခဲ့သနည်း၊ ပျက်မှုသည်ထင်ခဲ့သနည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်ခဲ့သနည်း၊ အဘယ်တရားတို့၏ ဖြစ်မှုသည်ထင်လတ္တံ့နည်း၊ ပျက်မှုသည် ထင်လတ္တံ့နည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့နည်း”အဘယ်တရားတို့၏ ဖြစ်မှုသည် ထင်သနည်း၊ ပျက်မှုသည် ထင်သနည်း၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်သနည်း”ဟု အကျွန်ုပ်ကို ဤသို့ မေးခဲ့ငြားအံ့။

အသျှင်ဘုရား ဤသို့ အမေးခံရသော တပည့်တော်သည် “အကြင်ရုပ်သည် လွန်ခဲ့၏၊ ချုပ်ခဲ့၏၊ ပြောင်းလွှဲခဲ့၏၊ ထိုရုပ်၏ ဖြစ်မှုသည် ထင်ခဲ့ပြီ။ ပျက်မှုသည် ထင်ခဲ့ပြီ။ တည်သော ရုပ်၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ အကြင်ဝေဒနာသည် လွန်ခဲ့၏၊ ချုပ်ခဲ့၏၊ ပြောင်းလွှဲခဲ့၏၊ ထိုဝေဒနာ၏ ဖြစ်မှုသည်ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော ဝေဒနာ၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ အကြင်သညာသည်။ အကြင် သင်္ခါရတို့သည် လွန်ခဲ့ကုန်၏၊ ချုပ်ခဲ့ကုန်၏၊ ပြောင်းလွှဲခဲ့ကုန်၏၊ ထိုသင်္ခငါ်္ရတို့ ဖြစ်ပေါ်မှုသည်ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော သင်္ခါရ၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ အကြင်ဝိညာဏ်သည်လွန်ခဲ့၏၊ ချုပ်ခဲ့၏၊ ပြောင်းလွှဲခဲ့၏၊ ထိုဝိညာဏ်၏ ဖြစ်မှုသည် ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သောဝိညာဏ်၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ ငါ့သျှင်တို့ ဤ (ခန္ဓာငါးပါး) တရားတို့၏ ဖြစ်မှုသည် ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။

ငါ့သျှင်တို့ အကြင်ရုပ်သည် မဖြစ်ပေါ်သေး၊ မထင်ရှားသေး၊ ထိုရုပ်၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။ အကြင်ဝေဒနာသည် မဖြစ်ပေါ်သေး၊ မထင်ရှားသေး၊ ထိုဝေဒနာ၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သောတရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။ အကြင်သညာသည်။ပ။ အကြင်သင်္ခငါ်္ရတို့သည်မဖြစ်ပေါ်ကုန်သေး၊ မထင်ရှားကုန်သေး၊ ထိုသင်္ခါရတို့၏ ဖြစ်ပေါ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည်ထင်လတ္တံ့၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။ အကြင်ဝိညာဏ်သည် မဖြစ်ပေါ်သေး၊ မထင်ရှားသေး၊ ထို ဝိညာဏ်၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရား၏ဖောက်ပြန်မှုသည် ထင်လတ္တံ့။ ငါ့သျှင်တို့ ဤ (ခန္ဓာငါးပါး) တရားတို့၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။

ငါ့သျှင်တို့ အကြင်ရုပ်သည် ဖြစ်ပေါ်၏၊ ထင်ရှား၏၊ ထိုရုပ်၏ ဖြစ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏။ အကြင်ဝေဒနာသည် ဖြစ်ပေါ်၏၊ ထင်ရှား ဖြစ်၏။ပ။ အကြင်သညာသည်။ အကြင်သင်္ခါရတို့သည် ဖြစ်ပေါ်ကုန်၏၊ ထင်ရှားဖြစ်ကုန်၏၊ ထိုသင်္ခါရ တို့၏ဖြစ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏။

အကြင်ဝိညာဏ်သည် ဖြစ်ပေါ်၏၊ ထင်ရှားဖြစ်၏၊ ထိုဝိညာဏ်၏ ဖြစ်မှုသည် ထင်၏၊ ပျက်မှုသည်ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏။ ငါ့သျှင်တို့ ဤ (ခန္ဓာငါးပါး) တရားတို့၏ဖြစ်ပေါ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏ “ဟု ဤသို့ ဖြေပါအံ့။ မြတ်စွာဘုရား ဤသို့ အမေးခံရသော အကျွန်ုပ်သည် ဤသို့ ဖြေပါအံ့ဟု လျှောက်၏။

အာနန္ဒာ ကောင်းပေစွ ကောင်းပေစွ၊ အာနန္ဒာ အကြင်ရုပ်သည် လွန်ခဲ့၏၊ ချုပ်ခဲ့၏၊ ပြောင်းလွှဲခဲ့၏၊ ထိုရုပ်၏ ဖြစ်ပေါ်မှုသည် ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော ရုပ်၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ အကြင်ဝေဒနာသည်။ အကြင်သညာသည်။ အကြင်သင်္ခါရတို့သည်။ အကြင်ဝိညာဏ်သည် လွန်ခဲ့၏၊ ချုပ်ခဲ့၏၊ ပြောင်းလွှဲခဲ့၏၊ ထိုဝိညာဏ်၏ ဖြစ်မှုသည် ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော ဝိညာဏ်၏့ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။ အာနန္ဒာ ဤ (ခန္ဓာငါးပါး) တရားတို့၏ ဖြစ်မှုသည် ထင်ခဲ့ပြီ၊ ပျက်မှုသည် ထင်ခဲ့ပြီ၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်ခဲ့ပြီ။

အာနန္ဒာ အကြင်ရုပ်သည် မဖြစ်ပေါ်သေး၊ မထင်ရှားသေး၊ ထိုရုပ်၏ ဖြစ်ပေါ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရားတို့၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။ အကြင်ဝေဒနာသည်။ အကြင်သညာသည်။ အကြင်သင်္ခငါ်္ရတို့သည်။ အကြင်ဝိညာဏ်သည် မဖြစ်ပေါ်သေး၊ မထင်ရှားသေး၊ ထိုဝိညာဏ်၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရား၏ ဖောက်ပြန်မှုသည်ထင်လတ္တံ့။ အာနန္ဒာ ဤ (ခန္ဓာငါးပါး) တရားတို့၏ ဖြစ်မှုသည် ထင်လတ္တံ့၊ ပျက်မှုသည် ထင်လတ္တံ့၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်လတ္တံ့။

အာနန္ဒာ အကြင်ရုပ်သည် ဖြစ်ပေါ်၏၊ ထင်ရှားဖြစ်၏၊ ထိုရုပ်၏ ဖြစ်မှုသည် ထင်၏၊ ပျက်မှုသည်ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏။ အကြင်ဝေဒနာသည်။ အကြင်သညာသည်။ အကြင်သင်္ခါရတို့သည်။ အကြင်ဝိညာဏ်သည် ဖြစ်ပေါ်၏၊ ထင်ရှားဖြစ်၏၊ ထိုဝိညာဏ်၏ ဖြစ်မှုသည်ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော တရား၏ ဖောက်ပြန်မှုသည် ထင်၏။ အာနန္ဒာ ဤ (ခန္ဓာငါးပါး) တရား တို့၏ ဖြစ်မှုသည် ထင်၏၊ ပျက်မှုသည် ထင်၏၊ တည်သော တရား၏ဖောက်ပြန်မှုသည် ထင်၏။ အာနန္ဒာ ဤသို့ အမေးခံရသော သင်သည် ဤသို့ ဖြေရာ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။