သံယုတ္တနိကာယ်—၂၂

၄—နတုမှာကဝဂ်

၁ဝ—စတုတ္ထ အနုဓမ္မသုတ်

၄၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်သောရဟန်းအား ဤတရားစဉ်သည် ဖြစ်၏၊ “ရုပ်၌ ကိုယ်’အတ္တ’ မဟုတ်ဟု အစဉ်ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ ခံစားမှု’ဝေဒနာ’၌ ။ မှတ်သားမှု’သညာ’၌ ။ ပြုပြင်မှု’သင်္ခါရ’တို့၌ ။ ဝိညာဏ်၌ ကိုယ် ‘အတ္တ’ မဟုတ်ဟုအစဉ်ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ ရုပ်၌ ကိုယ် ‘အတ္တ’ မဟုတ်ဟု အစဉ်ရှုလေ့ရှိသည် ဖြစ်၍ နေသောရဟန်းသည်။ပ။ ရုပ်ကို ပိုင်းခြား၍ သိ၏။ ခံစားမှု’ဝေဒနာ’ကို။ မှတ်သားမှု ‘သညာ’ကို။ ပြုပြင်မှု’သင်္ခါရ’တို့ကို။ ဝိညာဏ်ကို ပိုင်းခြား၍ သိ၏။ ထိုရဟန်းသည် ရုပ်ကို ပိုင်းခြား၍ သိသော် ခံစားမှု ‘ဝေဒနာ’ကို။ မှတ်သားမှု ‘သညာ’ကို။ ပြုပြင်မှု ‘သင်္ခါရ’တို့ကို။ ဝိညာဏ်ကို ပိုင်းခြား၍ သိသော် ရုပ်မှ လွတ်၏၊ ခံစားမှု’ဝေဒနာ ‘မှ လွတ်၏၊ မှတ်သားမှု ‘သညာ’ မှ လွတ်၏၊ ပြုပြင်မှု ‘သင်္ခါရ’တို့မှ လွတ်၏၊ ဝိညာဏ်မှ လွတ်၏၊ ပဋိသန္ဓေနေမှုမှ အိုမှု သေမှုမှ စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့မှလွတ်၏၊ ဆင်းရဲအပေါင်းမှ လွတ်၏”ဟု (ငါ) ဟော၏။

ဒသမသုတ်။

လေးခုမြောက် န တုမှာကဝဂ် ပြီး၏။