သံယုတ္တနိကာယ်—၂၂

၅—အတ္တဒီပဝဂ်

၁—အတ္တဒီပသုတ်

၄၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မိမိကိုယ်ကိုသာ မှီခိုကြလျက် မိမိကိုယ်ကိုသာ အားထားကြလျက်အခြားတစ်ပါးကို အားမကိုးကြဘဲ တရားကိုသာ မှီခိုကြလျက် တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမထားကြဘဲ နေကြကုန်လော့၊ ရဟန်းတို့ မိမိကိုယ်ကိုသာ မှီခိုကြလျက် မိမိကိုယ်ကိုသာအားထားကြလျက် အခြားတစ်ပါးကို အားမထားကြဘဲ တရားကိုသာ မှီခိုကြလျက် တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမထားကြဘဲ နေသူတို့သည် “စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်း”ဟု အကြောင်းကို စူးစမ်းဆင်ခြင်အပ်၏။

ရဟန်းတို့ စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် အဘယ်လျှင်ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်းဟူမူ — ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ မလိမ္မာသော,သူတော် ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။ ရုပ်ရှိသောအတ္တဟူ၍ သော်လည်း ကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်းရှု၏။ ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ရုပ်၏ ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ပေါ်ကုန်၏။ ဝေဒနာကို အတ္တဟူ၍ ရှု၏။ ဝေဒနာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာဟူ၍ သော်လည်းကောင်း၊ ဝေဒနာ၌ အတ္တဟူ၍ သော်လည်းကောင်း့ရှု၏။ ထိုသူ၏ ထိုဝေဒနာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝေဒနာ၏ဖောက်ပြန်ခြင်း တစ်မျိုး တစ်ဖုံဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု။ပ။ ပင်ပန်းမှုတို့သည် ဖြစ်ပေါ်ကုန်၏။

သညာကို အတ္တဟူ၍ ရှု၏။ သင်္ခါရတို့ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသောအတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ထိုသူ၏ ထိုဝိညာဏ်သည် ဖောက် ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝိညာဏ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ပေါ်ကုန်၏။

ရဟန်းတို့ ရုပ်၏သာလျှင် မမြဲသည့်အဖြစ်ကိုလည်းကောင်း၊ ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်း ချုပ်ခြင်းကိုလည်းကောင်း သိ၍ “ရှေးကရုပ်သည်လည်းကောင်း၊ ယခုရုပ်သည်လည်းကောင်း ရုပ်အားလုံးသည်မမြဲ၊ ဆင်းရဲ၏၊ ဖောက်ပြန်ခြင်းသဘောရှိ၏”ဟု ဤသို့ ဤရုပ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုသော သူအား စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ပျောက်ကင်းကုန်၏။ ထို (စိုးရိမ်မှုစသည်) တို့၏ ပျောက်ကင်းခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော်ချမ်းသာစွာ နေရ၏၊ ချမ်းသာစွာ နေရသော ရဟန်းကို “တစ်ခဏငြိမ်းအေးသူ”ဟု ဆိုအပ်၏။

ရဟန်းတို့ ဝေဒနာ၏သာလျှင် မမြဲသည့်အဖြစ်ကိုလည်းကောင်း၊ ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်းချုပ်ခြင်းကိုလည်းကောင်း သိ၍ “ရှေးကဝေဒနာသည်လည်းကောင်း၊ ယခုဝေဒနာသည်လည်းကောင်းဝေဒနာ အားလုံးသည် မမြဲ၊ ဆင်းရဲ၏၊ ဖောက်ပြန်ခြင်းသဘောရှိ၏ “ဟု ဤသို့ ဤဝေဒနာကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုသော သူအား စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ပျောက်ကင်းကုန်၏။ ထို (စိုးရိမ်မှုစသည်) တို့၏ပျောက်ကင်းခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော် ချမ်းသာစွာ နေရ၏၊ ချမ်းသာစွာနေရသော ရဟန်းကို “တစ်ခဏငြိမ်းအေးသူ”ဟု ဆိုအပ်၏။ သညာ၏။ ရဟန်းတို့ သင်္ခါရတို့၏သာလျှင်မမြဲသည့်အဖြစ်ကိုလည်းကောင်း၊ ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်း ချုပ်ခြင်းကိုလည်းကောင်း သိ၍ “ရှေးကသင်္ခါရတို့သည်လည်းကောင်း၊ ယခုသင်္ခါရတို့သည်လည်းကောင်း သင်္ခါရအားလုံးတို့သည် မမြဲကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘောရှိကုန်၏”ဟု ဤသို့ ဤသင်္ခါရတို့ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုသော သူအား စိုးရိမ်မှု ငိုကြွေးမှုကိုယ် ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည်ပျောက်ကင်းကုန်၏။ ထို (စိုးရိမ်မှုစသည်) တို့၏ ပျောက် ကင်းခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော် ချမ်းသာစွာ နေရ၏၊ ချမ်းသာစွာ နေရသော ရဟန်းကို”တစ်ခဏငြိမ်းအေးသူ”ဟု ဆိုအပ်၏။

ရဟန်းတို့ ဝိညာဏ်၏သာလျှင် မမြဲသည့်အဖြစ်ကိုလည်းကောင်း ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်းချုပ်ခြင်းကိုလည်းကောင်း သိ၍ “ရှေးကဝိညာဏ်သည်လည်းကောင်း၊ ယခုဝိညာဏ်သည်လည်းကောင်းဝိညာဏ်အားလုံးသည် မမြဲ၊ ဆင်းရဲ၏၊ ဖောက်ပြန်ခြင်းသဘောရှိ၏”ဟု ဤသို့ ဤဝိညာဏ်ကိုဟုတ်တိုင်း မှန်စွာ မှန်ကန်သော ပညာဖြင့် ရှုသော သူအား စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ပျောက်ကင်းကုန်၏။ ထို (စိုးရိမ်မှုစသည်) တို့၏ပျောက်ကင်းခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော် ချမ်းသာစွာ နေရ၏၊ ချမ်းသာစွာနေရသော ရဟန်းကို “တစ်ခဏငြိမ်းအေးသူ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။