သံယုတ္တနိကာယ်—၂၂

၅—အတ္တဒီပဝဂ်

၃—အနိစ္စသုတ်

၄၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် မမြဲ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည်အတ္တမဟုတ်၊ အတ္တမဟုတ်သော ရုပ်ကို “ ဤရုပ်သည် အတ္တမဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့သာလျှင် ထိုရုပ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်၊ ဤသို့ ထိုရုပ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုသော သူ၏ စိတ်သည် တပ်မက်မှုကင်း၏၊ မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်၏။ ဝေဒနာသည် မမြဲ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲ၊ မမြဲသော ဝိညာဏ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ဝိညာဏ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတမဟုတ် “ဟု ဤသို့ သာလျှင် ထိုဝိညာဏ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်၊ ဤသို့ ထိုဝိညာဏ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုသော သူ၏ စိတ်သည်တပ်မက်မှု ကင်း၏၊ မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်၏။

ရဟန်းတို့ ရုပ်ဓာတ်၌ ရဟန်း၏ စိတ်သည် အကယ်၍ တပ်မက်မှု ကင်းငြားအံ့၊ မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်၏။ ဝေဒနာဓာတ်၌ ။ပ။ သညာဓာတ်၌ ။ သင်္ခါရဓာတ်၌ ။ ရဟန်းတို့ဝိညာဏ ဓာတ်၌ ရဟန်း၏ စိတ်သည် အကယ်၍ တပ်မက်မှု ကင်းငြားအံ့၊ မစွဲလမ်းမူ၍ အာသဝေါတို့မှလွတ်၏။ လွတ်ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့် ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့်မတောင့်တ၊ မတောင့်တသည်ရှိသော် မျက်မှောက်ဘဝ၌ ပင်လျှင် ငြိမ်းအေး၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံး ပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီဟု သိ၏ “ဟု (မိန့်တော်မူ၏)။

တတိယသုတ်။