သံယုတ္တနိကာယ်—၂၂

၅—အတ္တဒီပဝဂ်

၄—ဒုတိယ အနိစ္စသုတ်

၄၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် မမြဲ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည်အတ္တမဟုတ်၊ အတ္တမဟုတ်သော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တမဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာသည်မမြဲ။ သညာသည် မမြဲ။ သင်္ခါရတို့သည် မမြဲကုန်။ ဝိညာဏ်သည် မမြဲ၊ မမြဲသော ဝိညာဏ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ဝိညာဏ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတ္တမဟုတ် “ဟုဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှုရမည်။ ဤသို့ ထိုဝိညာဏ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုသော သူအား ရှေးအဖို့ကို စွဲယူသော အယူတို့သည် မဖြစ်နိုင်ကုန်၊ ရှေးအဖို့ကို စွဲယူသော အယူတို့မရှိသော် နောက်အဖို့ကို စွဲယူသော အယူတို့သည် မဖြစ်နိုင်ကုန်၊ နောက်အဖို့ကို စွဲယူသော အယူတို့မရှိသော် ဒိဋ္ဌိအားအစွမ်းသည်လည်းကောင်း၊ အမှားသုံးသပ်ခြင်းသည်လည်းကောင်း မဖြစ်နိုင်။ ဒိဋ္ဌိအားအစွမ်းသည်လည်းကောင်း၊ အမှားသုံးသပ်ခြင်းသည်လည်းကောင်း မရှိခဲ့သော် ရုပ်၌ ။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ စိတ်သည် တပ်မက်ခြင်း ကင်း၏၊ မစွဲလမ်းမူ၍ အာသဝေါတို့မှလွတ်၏။ လွတ် ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့် ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့်မတောင့်တ၊ မတောင့်တသည်ရှိသော် မျက်မှောက်၌ ပင်လျှင် ငြိမ်းအေး၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ “ဟု သိ၏ဟု (မိန့်တော် မူ၏)။

စတုတ္ထသုတ်။