သံယုတ္တနိကာယ်—၂၂

(၆) ၁—ဥပယဝဂ်

၃—ဥဒါနသုတ်

၅၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ဥဒါန်းကို ကျူးရင့်တော်မူ၏— “ငါမည်သောတရားသည် အကယ်၍ မရှိငြားအံ့၊ ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ အကယ်၍ ပြုပြင်မှု’ကမ္မာဘိသင်္ခါရ’မဖြစ်ငြားအံ့၊ ငါ့အား ပဋိသန္ဓေနေမှု မဖြစ်တော့လတံ္တ့ဟု ဤသို့ နှလုံးသွင်းသော ရဟန်းသည်အောက်ပိုင်းသံယောဇဉ် တို့ကို ဖြတ်နိုင်ရာ၏”ဟု ကျူးရင့်တော်မူ၏။ ဤသို့ မိန့်တော်မူသော်ရဟန်းတစ်ပါးသည် မြတ်စွာဘုရား အား “အသျှင်ဘုရား အကယ်၍ ငါ မဖြစ်ငြားအံ့၊ ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ အကယ်၍ ပြုပြင်မှု’ကမ္မာဘိသင်္ခါရ’ မဖြစ်ငြားအံ့၊ ငါ့အား ပဋိသန္ဓေနေမှု မဖြစ်တော့လတံ္တ့ဟု ဤသို့ နှလုံးသွင်းသော ရဟန်းသည် အောက် ပိုင်းသံယောဇဉ်တို့ကို အဘယ်သို့ ဖြတ်နိုင်ရာသနည်း”ဟုလျှောက်၏။

ရဟန်း ဤလောက၌ အကြားအမြင်မရှိသော အရိယာတို့ကို မဖူးမြင်ဖူးသော။ပ။ သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။ ရုပ်ရှိသောအတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း့ရှု၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသောအတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။

ထိုသူသည် မမြဲသော ရုပ်ကို “မမြဲသောရုပ်”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ မမြဲသော ဝေဒနာကို”မမြဲသော ဝေဒနာ”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ မမြဲသော သညာကို “မမြဲသော သညာ”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ မမြဲသော သင်္ခါရတို့ကို “မမြဲသော သင်္ခါရတို့”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ မမြဲသော ဝိညာဏ်ကို “မမြဲသော ဝိညာဏ်”ဟုဟုတ်မှန်သည့်အတိုင်း မသိ။

ဆင်းရဲသော ရုပ်ကို “ဆင်းရဲသော ရုပ်”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ ဆင်းရဲသော ဝေဒနာကို။ ဆင်းရဲသော သညာကို။ ဆင်းရဲသော သင်္ခါရတို့ကို။ ဆင်းရဲသော ဝိညာဏ်ကို “ဆင်းရဲသော ဝိညာဏ်”ဟုဟုတ်မှန်သည့်အတိုင်း မသိ။

အတ္တမဟုတ်သော ရုပ်ကို “အတ္တမဟုတ်သော ရုပ်”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ အတ္တမဟုတ် သောဝေဒနာကို “အတ္တမဟုတ်သော ဝေဒနာ”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ အတ္တမဟုတ်သော သညာကို”အတ္တမဟုတ်သော သညာ”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ အတ္တမဟုတ်သော သင်္ခါရတို့ကို”အတ္တမဟုတ်သော သင်္ခါရတို့”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ အတ္တမဟုတ်သော ဝိညာဏ်ကို “အတ္တမဟုတ်သော ဝိညာဏ်”ဟုဟုတ်မှန်သည့်အတိုင်း မသိ။

အပြုခံရသော ရုပ်ကို “အပြုခံရသော ရုပ်”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ အပြုခံရသော ဝေဒနာ ကို။ အပြုခံရသော သညာကို။ အပြုခံရသော သင်္ခါရတို့ကို။ အပြုခံရသော ဝိညာဏ်ကို “အပြုခံရသောဝိညာဏ်”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ “ရုပ်သည် ပျက်စီးလတ္တံ့”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ ခံစားမှု ‘ဝေဒနာ’သည် ပျက်စီးလတ္တံ့။ မှတ်သားမှု ‘သညာ’သည် ပျက်စီးလတ္တံ့။ ပြုပြင်မှု’သင်္ခါရ’တို့သည်ပျက်စီးလတ္တံ့။ “ဝိညာဏ်သည် ပျက်စီးလတ္တံ့”ဟုဟုတ်မှန်သည့်အတိုင်း မသိ။

ရဟန်း အကြားအမြင်ရှိသော အရိယာတို့ကို ဖူးမြင်ဖူးသော, အရိယာတရား၌ လိမ္မာသော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ လိမ္မာသော,သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟူ၍ မရှု။ပ။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ မရှု။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။

ထိုသူသည် မမြဲသော ရုပ်ကို “မမြဲသော ရုပ်”ဟုဟုတ်မှန်သည့်အတိုင်း သိ၏၊ မမြဲသော ဝေဒနာကို။ မမြဲသော သညာကို။ မမြဲသော သင်္ခါရတို့ကို။ မမြဲသော ဝိညာဏ်ကို “မမြဲသော ဝိညာဏ်”ဟုဟုတ်မှန်သည့်အတိုင်း သိ၏။ ဆင်းရဲသော ရုပ်ကို။ပ။ ဆင်းရဲသော ဝိညာဏ်ကို။ အတ္တမဟုတ်သော ရုပ်ကို။ပ။ အတ္တမဟုတ်သော ဝိညာဏ်ကို။ အပြုခံရသော ရုပ်ကို။ အပြုခံရသော ဝိညာဏ်ကို “အပြုခံရသောဝိညာဏ် “ဟုဟုတ်မှန်သည့်အတိုင်း သိ၏။ “ရုပ်သည် ပျက်စီးလတ္တံ့”ဟုဟုတ်မှန်သည့်အတိုင်း သိ၏။

ခံစားမှု ‘ဝေဒနာ’သည်။ သညာသည်။ သင်္ခါရတို့သည်။ “ဝိညာဏ်သည် ပျက်စီးလတ္တံ့”ဟုဟုတ်မှန်သည့်အတိုင်း သိ၏။

ထိုသူသည် ရုပ်ပျက်စီးခြင်းကြောင့် ဝေဒနာပျက်စီးခြင်းကြောင့် သညာပျက်စီးခြင်းကြောင့် သင်္ခါရတို့ပျက်စီးခြင်းကြောင့် ဝိညာဏ်ပျက်စီးခြင်းကြောင့် “ငါမည်သော တရားသည် အကယ်၍ မရှိငြားအံ့၊ ငါ့ဥစ္စာဟူ၍ ရှိသည် မဖြစ်ရာ၊ အကယ်၍ ပြုပြင်မှု ‘ကမ္မာ ဘိသင်္ခါရ’ မဖြစ်ငြားအံ့၊ ငါ့အား ပဋိသန္ဓေနေမှု မဖြစ်တော့လတံ္တ့”ဟု ဤသို့ နှလုံးသွင်းသော ရဟန်းသည် အောက်ပိုင်းသံယောဇဉ်တို့ကို ဖြတ်နိုင်ရာ၏ဟု မိန့်တော်မူ၏။ အသျှင်ဘုရား မှန်ပါ၏၊ ဤသို့ နှလုံးသွင်းသော ရဟန်းသည် အောက်ပိုင်းသံယောဇဉ်တို့ကိုဖြတ်နိုင်ရာသည်သာလျှင်တည်းဟု လျှောက်၏။

အသျှင်ဘုရား အဘယ်သို့ သိသော အဘယ်သို့ မြင်သောသူအား ကာလမခြားဘဲ အာသဝေါကုန်မှုဖြစ်ပါသနည်းဟု (လျှောက်၏)။ ရဟန်း လောက၌ အကြားအမြင်မရှိသော ပုထုဇဉ်သည်မထိတ်လန့်ထိုက် သော အရာ၌ ထိတ်လန့်ခြင်းသို့ ရောက်၏။ ရဟန်း မှန်၏၊ အကယ်၍ ငါမည်သောတရား မရှိငြားအံ့၊ ငါ့ဥစ္စာဟု ရှိသည် မဖြစ်ရာ၊ အကယ်၍ ပြုပြင်မှု ‘ကမ္မာဘိသင်္ခါရ’မဖြစ်ငြားအံ့၊ ငါ့အား ပဋိသန္ဓေနေမှု မဖြစ်တော့လတံ္တ့ဟူသော (အနည်းငယ်သော) ဤဝိပဿနာသည်အကြားအမြင်မရှိသော ပုထုဇဉ်အား ထိတ်လန့်ခြင်းပင် မည်၏။

ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်သည် မထိတ်လန့်ထိုက်သော အရာ၌ ထိတ်လန့်ခြင်းသို့မရောက်။ ရဟန်း မှန်၏၊ ငါမည်သောတရား အကယ်၍ မရှိခဲ့သော် ငါ့ဥစ္စာဟူ၍ ရှိသည် မဖြစ်ရာ၊ အကယ်၍ ပြုပြင်မှု ‘ကမ္မာ ဘိသင်္ခါရ’ မဖြစ်ငြားအံ့၊ ငါ့အား ပဋိသန္ဓေနေမှု မဖြစ်တော့လတံ္တ့ဟူသော ဤဝိပဿနာသည် အကြားအမြင်ရှိသော အရိယာတပည့်အား ထိတ်လန့်ခြင်း မမည်။ ရဟန်း ဝိညာဏ်တည်သည်ရှိသော် ရုပ်သို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ ရုပ်လျှင် အာရုံရှိသော ရုပ်လျှင် တည်ရာရှိသောဝိညာဏ်သည် နှစ်သက်မှု ‘တဏှာ’ ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ရောက်ရာ၏။ ရဟန်း ဝေဒနာသို့ ကပ်ရောက်၍ မူလည်း။ ရဟန်း သညာသို့ ကပ်ရောက်၍ မူလည်း။ ရဟန်း ဝိညာဏ်တည်သည်ရှိသော် သင်္ခါရသို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ သင်္ခါရလျှင် အာရုံရှိသောသင်္ခါရလျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု ‘တဏှာ’ ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။

ရဟန်း တစ်ဦးတစ်ယောက်က “ငါသည် ရုပ်ကို ဖယ်ထား၍ ဝေဒနာကို ဖယ်ထား၍ သညာကိုဖယ်ထား၍ သင်္ခါရတို့ကို ဖယ်ထား၍ ဝိညာဏ်၏ လာခြင်း သွားခြင်း သေခြင်း ဖြစ်ခြင်း ကြီးပွါးခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းကို ပညတ်အံ့ “ဟု ဆိုရာ၏၊ ဤအကြောင်းမျိုးသည် မရှိနိုင်။

ရဟန်း ရဟန်းသည် ရုပ်ဓာတ်၌ စွဲမက်မှုကို အကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကိုပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာ မဖြစ်နိုင်။ ရဟန်း ရဟန်းသည်ဝေဒနာဓာတ်၌ အကယ်၍ ။ ရဟန်း ရဟန်းသည် သညာဓာတ်၌ အကယ်၍ ။ ရဟန်း ရဟန်းသည်သင်္ခါရဓာတ်၌ အကယ်၍ ။ ရဟန်း ရဟန်းသည် ဝိညာဏ်ဓာတ်၌ စွဲမက်မှုကို အကယ်၍ ပယ်အပ်သည်ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာသည် မဖြစ်နိုင်၊ တည်ရာမရှိသော ထိုဝိညာဏ်သည် စည်ပင်မှု ကင်းလျက် ပြုပြင်မှု ကင်းလျက် ကိလေသာမှလွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့် ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့် မတောင့်တ၊ မတောင့်တသော သူသည် မျက်မှောက်ဘဝ၌ သာလျှင် ငြိမ်းအေး၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ။ပ။ ဤမဂ်ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ရဟန်း ဤသို့ သိသော ဤသို့ မြင်သော သူအား ကာလမခြားဘဲ အာသဝေါကုန်မှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။