သံယုတ္တနိကာယ်—၂၂

(၆) ၁—ဥပယဝဂ်

၄—ဥပါဒါနပရိပဝတ္တနသုတ်

၅၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပါဒါနက္ခန္ဓာတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ— ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို လေးပြန်အားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများ နှင့် တကွသော လူ့လောက၌ “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီ”ဟု ငါဝန်မခံ။ ရဟန်းတို့ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို လေးပြန်အားဖြင့်ဟုတ်တိုင်းမှန်စွာ သိသောအခါ၌ သာလျှင် နတ်။ပ။ မင်းများ လူများနှင့် တကွသော လူ့လောက၌ “အတုမရှိသောသဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီ”ဟု ငါ ဝန်ခံ၏။

လေးပြန်ဟူသည် အဘယ်နည်း၊ ရုပ်ကို ထိုးထွင်း၍ သိပြီ၊ ရုပ်ဖြစ်ကြောင်းကို ထိုးထွင်း၍ သိပြီ၊ ရုပ်ချုပ်ရာကို ထိုးထွင်း၍ သိပြီ၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို ထိုးထွင်း၍ သိပြီ။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ထိုးထွင်း၍ သိပြီ၊ ဝိညာဏ်ဖြစ်ကြောင်းကို ထိုးထွင်း၍ သိပြီ၊ ဝိညာဏ်ချုပ်ရာကို ထိုးထွင်း၍ သိပြီ၊ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို ထိုးထွင်း၍ သိပြီ။

ရဟန်းတို့ ရုပ်ဟူသည် အဘယ်နည်း။ မဟာဘုတ်လေးမျိုးနှင့် မဟာဘုတ်လေးမျိုးတို့ကို မှီ၍ ဖြစ်သော ရုပ်တည်း။ ရဟန်းတို့ ဤသည်ကို ရုပ်ဟု ဆိုရ၏။ အာဟာရဖြစ်ပေါ်မှုကြောင့် ရုပ်ဖြစ်ပေါ်၏၊ အာဟာရချုပ်မှုကြောင့် ရုပ်ချုပ်၏၊ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်မျိုးရှိသော ဤအရိယမဂ်သည်ပင် ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ရုပ်ကို အထူးသိ၍ ဤသို့ ရုပ်ဖြစ်ကြောင်းကိုအထူးသိ၍ ဤသို့ ရုပ်ချုပ်ရာကို အထူးသိ၍ ဤသို့ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ရုပ်၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည်ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။ ထိုသူတို့သည် ဤဓမ္မဝိနယ ‘သာသနာတော် ‘ ၌ ထောက်တည်နိုင်ကုန်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ရုပ်ကို အထူးသိ၍ ။ပ။ ဤသို့ ရုပ်ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ရုပ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့်ချုပ်ခြင်းကြောင့် စွဲလမ်းခြင်း မရှိမူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏။ ထိုသူတို့သည် ကောင်းစွာလွတ်မြောက်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်သူတို့သည် အလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်၏။

ထိုအလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ ဝေဒနာဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၊ နားအတွေ့ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၊ လျှာအတွေ့ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’၊ ကိုယ် အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၊ စိတ်အတွေ့ကြောင့်ဖြစ်သောခံစားမှု ‘ဝေဒနာ’ တို့တည်း။ ရဟန်းတို့ ဤသည်ကို ဝေဒနာဟု ဆိုအပ်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့်ခံစားမှု ‘ဝေဒနာ’ ဖြစ်ပေါ်၏၊ ဖဿ ချုပ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဝေဒနာချုပ်ရာသို့ရောက်ကြောင်းအကျင့် မည်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ဝေဒနာကို အထူးသိ၍ ဤသို့ ဝေဒနာဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝေဒနာချုပ်ရာကို အထူးသိ၍ ဤသို့ ဝေဒနာချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဝေဒနာ၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ’သာသနာတော် ‘၌ ထောက်တည်နိုင်ကုန်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ဝေဒနာကို အထူးသိ၍ ။ပ။ ဤသို့ ဝေဒနာချုပ် ရာသို့ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ။ပ။ အလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲ ဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ သညာဟူသည် အဘယ်နည်း။ ရဟန်းတို့ သညာအပေါင်းတို့သည် ဤခြောက်ပါးတို့ တည်း၊ အဆင်း၌ မှတ်သားမှု ‘သညာ’၊ အသံ၌ မှတ်သားမှု ‘သညာ’၊ အနံ့၌ မှတ်သားမှု ‘သညာ’၊ အရသာ၌ ့မှတ်သားမှု ‘သညာ’၊ အတွေ့၌ မှတ်သားမှု ‘သညာ’၊ ဓမ္မ၌ မှတ်သားမှု ‘သညာ’ တို့တည်း။ ရဟန်းတို့ ဤသည်ကို သညာဟု ဆိုအပ်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့် မှတ်သားမှု ‘သညာ’ ဖြစ်ပေါ်၏၊ ဖဿချုပ်ခြင်းကြောင့် မှတ်သားမှု ‘သညာ’ ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် သညာချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။ပ။ အလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ သင်္ခါရတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ စေ့ဆော်မှု စေတနာအပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ အဆင်း၌ စေ့ဆော်မှု၊ အသံ၌ စေ့ဆော်မှု၊ အနံ့၌ စေ့ဆော်မှု၊ အရသာ၌ စေ့ဆော်မှု၊ အတွေ့အထိ၌ စေ့ဆော်မှု၊ ဓမ္မ၌ စေ့ဆော်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို သင်္ခါရတို့ဟု ဆိုအပ်၏။

ဖဿဖြစ်ပေါ်ခြင်းကြောင့် သင်္ခါရဖြစ်ပေါ်၏၊ ဖဿချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် သင်္ခါရတို့ ချုပ်ရာသို့ရောက် ကြောင်းအကျင့် မည်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ သင်္ခါရတို့ကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာသို့ရောက် ကြောင်းအကျင့်ကို အထူးသိ၍ သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါကျင့်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာကျင့်သူတို့သည် ဤဓမ္မ ဝိနယ ‘သာသနာတော် ‘ ၌ ထောက်တည်နိုင်ကုန်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည်ကား ဤသို့ သင်္ခါရတို့ကို အထူးသိ၍ ဤသို့ သင်္ခါရတို့ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ သင်္ခါရတို့၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ လွတ်မြောက်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်သူတို့သည် အလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ ဝိညာဏ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝိညာဏ်အပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဝိညာဏ်ဟု ဆိုရ၏။ နာမ်ရုပ်ဖြစ်ပေါ်ခြင်းကြောင့် ဝိညာဏ်ဖြစ်ပေါ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသောအင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ဝိညာဏ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဝိညာဏ်၌ ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ’သာသနာတော် ‘ ၌ ထောက်တည်နိုင်ကုန်၏။

ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤသို့ ဝိညာဏ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဝိညာဏ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့်မစွဲလမ်း မူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသူတို့သည် ကောင်းစွာ လွတ်မြောက်သူတို့ဖြစ်ကုန်၏။ ထို ကောင်းစွာ လွတ်မြောက်ပြီးသူတို့သည် အလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စပြီးပြီးဖြစ်ကုန် သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။