သံယုတ္တနိကာယ်—၂၂

(၆) ၁—ဥပယဝဂ်

၅—သတ္တဋ္ဌာနသုတ်

၅၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ခုနစ်ဌာနတို့၌ လိမ္မာသော သုံးမျိုးအားဖြင့် ရှုသော ရဟန်းကို ဤသာသနာတော်၌ အလုံးစုံ ပြည့်စုံသူ ကျင့်သုံးပြီးသူ ယောကျာ်းမြတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ခုနစ်ဌာနတို့၌ လိမ္မာသနည်း၊ ရဟန်းတို့ ဤလောက၌ ရဟန်းသည် ရုပ်ကို သိ၏၊ ရုပ်ဖြစ်ကြောင်းကို သိ၏၊ ရုပ်ချုပ်ရာကို သိ၏၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ရုပ်၏သာယာဖွယ်ကို သိ၏၊ ရုပ်၏ အပြစ်ကို သိ၏၊ ရုပ်မှ ထွက်မြောက်မှုကို သိ၏။ ဝေဒနာကို သိ၏။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို သိ၏၊ ဝိညာဏ်ဖြစ်ကြောင်းကို သိ၏၊ ဝိညာဏ်ချုပ်ရာကို သိ၏၊ ဝိညာဏ် ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ဝိညာဏ်၏ သာယာဖွယ်ကို သိ၏၊ ဝိညာဏ်၏အပြစ်ကို သိ၏၊ ဝိညာဏ်မှ ထွက်မြောက်မှုကို သိ၏။

ရဟန်းတို့ ရုပ်ဟူသည် အဘယ်နည်း။ မဟာဘုတ်လေးမျိုးနှင့် မဟာဘုတ်လေးမျိုးတို့ကို မှီ၍ ဖြစ်သောရုပ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ရုပ်ဟု ဆိုအပ်၏၊ အာဟာရဖြစ်ပေါ်မှုကြောင့် ရုပ်ဖြစ်ပေါ်၏၊ အာဟာရချုပ်မှုကြောင့် ရုပ်ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။ ရုပ်ကို စွဲ၍ ဖြစ်ပေါ်လာသောကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် ရုပ်၏ သာယာဖွယ် မည်၏၊ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောသည် ရုပ်၏ အပြစ် မည်၏။ ရုပ်၌ လိုချင်စွဲမက်မှု’ဆန္ဒရာဂ’ကို ဖျောက်ခြင်းလိုချင်စွဲမက်မှု’ဆန္ဒရာဂ’ကို ပယ်ခြင်းသည် ရုပ်မှ ထွက်မြောက်မှု မည်၏။ ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ ရုပ်ကို အထူးသိ၍ ဤသို့ ရုပ်ဖြစ်ကြောင်းကို အထူးသိ၍ ဤသို့ ရုပ်ချုပ်ရာကိုအထူးသိ၍ ဤသို့ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဤသို့ ရုပ်၏ သာယာဖွယ်ကိုအထူးသိ၍ ဤသို့ ရုပ်၏ အပြစ်ကို အထူးသိ၍ ဤသို့ ရုပ်မှ ထွက်မြောက်မှုကို အထူးသိ၍ ရုပ်၌ ငြီငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာကျင့်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ထောက်တည်ရာရကုန်၏။

ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည်ကား ဤသို့ ရုပ်ကို အထူးသိ၍ ဤသို့ ရုပ်ဖြစ်ကြောင်းကို အထူးသိ၍ ဤသို့ ရုပ်ချုပ်ရာကို အထူးသိ၍ ဤသို့ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုအထူးသိ၍ ဤသို့ ရုပ်၏ သာယာဖွယ်ကို အထူးသိ၍ ဤသို့ ရုပ်၏ အပြစ်ကို အထူးသိ၍ ဤသို့ ရုပ်မှထွက်မြောက်မှုကို အထူးသိ၍ ရုပ်၌ ငြီငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့်မစွဲလမ်း မူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာလွတ်မြောက်သူတို့ ဖြစ် ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်ပြီးသူတို့သည် အလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ ဝေဒနာဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ မျက်စိအတွေ့ကြောင့် ဖြစ်သော ဝေဒနာ။ပ။ စိတ်အတွေ့ကြောင့် ဖြစ်သောဝေဒနာတို့တည်း။ ရဟန်းတို့ ဤသည်ကို ဝေဒနာဟု ဆိုအပ်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့်ဝေဒနာဖြစ်ပေါ်၏၊ ဖဿချုပ်ခြင်း ကြောင့် ဝေဒနာချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သောတည်ကြည်မှုဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဝေဒနာချုပ်ရာသို့ ရောက်ကြောင်းအကျင့်မည်၏။ ဝေဒနာကို စွဲ၍ ဖြစ်ပေါ်လာ သောကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် ဝေဒနာ၏သာယာဖွယ် မည်၏။ မမြဲသော ဆင်းရဲ သော ဖောက်ပြန်ခြင်းသဘောသည် ဝေဒနာ၏ အပြစ်မည်၏။

ဝေဒနာ၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ခြင်းသည် ဝေဒနာမှထွက်မြောက်မှု မည်၏။

ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ ဝေဒနာကို အထူးသိ၍ ဤသို့ ဝေဒနာဖြစ်ကြောင်းကို အထူးသိ၍ ဤသို့ ဝေဒနာချုပ်ရာကို အထူးသိ၍ ဤသို့ ဝေဒနာချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဤသို့ ဝေဒနာ၏ သာယာဖွယ်ကို အထူးသိ၍ ဤသို့ ဝေဒနာ၏ အပြစ်ကိုအထူးသိ၍ ဤသို့ ဝေဒနာမှ ထွက်မြောက်မှုကို အထူးသိ၍ ဝေဒနာ၌ ငြီငွေ့ခြင်းငှါ စွဲမက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။

ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ထောက်တည်ရာ ရကုန်၏။ ရဟန်းတို့အချို့သော သမဏဗြာဟ္မဏတို့သည်ကား ဤသို့ ဝေဒနာကို အထူးသိ၍ ။ပ။ ထိုအလုံးစုံကိစ္စပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ သညာဟူသည် အဘယ်နည်း။ ရဟန်းတို့ သညာအပေါင်းတို့သည် ဤခြောက်ပါးတို့ တည်း၊ အဆင်း၌ မှတ်သားမှု’သညာ’၊ အသံ၌ မှတ်သားမှု’သညာ’၊ အနံ့၌ မှတ်သားမှု’သညာ’၊ အရသာ၌ မှတ်သားမှု’သညာ’၊ အတွေ့အထိ၌ မှတ်သားမှု’သညာ’၊ ဓမ္မ၌ မှတ်သားမှု’သညာ’ တို့တည်း။ ရဟန်းတို့ ဤသည်ကို သညာဟု ဆိုအပ်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့် မှတ်သားမှု’သညာ’ ဖြစ်ပေါ်၏၊ ဖဿချုပ်ခြင်း ကြောင့် မှတ်သားမှု ‘သညာ’ ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သောတည်ကြည်မှုဟူသော အင်္ဂါ ရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် သညာချုပ်ရာသို့ ရောက်ကြောင်းအကျင့်မည်၏။ပ။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ သင်္ခါရတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ စေ့ဆော်မှု ‘စေတနာ’အပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ အဆင်း၌ စေ့ဆော်မှု’စေတနာ’။ပ။ ဓမ္မ၌ စေ့ဆော်မှု ‘စေတနာ’ တို့တည်း။ ရဟန်းတို့ ဤသည်တို့ကို သင်္ခါရတို့ဟု ဆိုအပ်ကုန်၏။ ဖဿဖြစ်ပေါ်ခြင်းကြောင့် သင်္ခါရ ဖြစ်ပေါ်၏၊ ဖဿချုပ်ခြင်း ကြောင့် သင်္ခါရ ချုပ်၏။ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသောအင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် သင်္ခါရတို့ ချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။

သင်္ခါရတို့ကို စွဲ၍ ဖြစ်ပေါ် လာသောကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် သင်္ခါရတို့၏သာယာဖွယ် မည်၏။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောသည် သင်္ခါရတို့၏ အပြစ်မည်၏။

သင်္ခါရတို့၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု’ဆန္ဒရာဂ’ကို ပယ်ခြင်းသည်သင်္ခါရတို့မှ ထွက်မြောက်မှု မည်၏။

ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ သင်္ခါရတို့ကို အထူးသိ၍ ဤသို့ သင်္ခါရတို့ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ။ပ။ သင်္ခါရတို့၌ ငြီငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ထောက်တည်ရာ ရကုန်၏။ပ။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။

ရဟန်းတို့ ဝိညာဏ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝိညာဏ်အပေါင်းတို့သည် ဤခြောက်ပါးတို့တည်း။ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဝိညာဏ်ဟု ဆိုအပ်၏။ နာမ်ရုပ်ဖြစ်ပေါ်ခြင်းကြောင့် ဝိညာဏ်ဖြစ်ပေါ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏၊ မှန်ကန်သော မြင်မှု။ပ။ မှန်ကန်သော တည်ကြည်မှုဟူသောအင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့် မည်၏။ ဝိညာဏ်ကိုစွဲ၍ ဖြစ်ပေါ်လာသောကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် ဝိညာဏ်၏ သာယာဖွယ် မည်၏၊ မမြဲ သော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောသည် ဝိညာဏ်၏ အပြစ်မည်၏။ ဝိညာဏ်၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု’ဆန္ဒရာဂ’ကို ပယ်ခြင်းသည် ဝိညာဏ်မှထွက်မြောက်မှု မည်၏။

ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ ဝိညာဏ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဤသို့ ဝိညာဏ်၏ သာယာဖွယ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်၏ အပြစ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်မှ လွတ်မြောက်မှုကို အထူးသိ၍ ဝိညာဏ်၌ ငြီငွေ့ခြင်းငှါ စွဲမက်မှုကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်၏။

ထိုကောင်းစွာ ကျင့်သူတို့သည် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ထောက်တည်ရာ ရကုန်၏။

ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည်ကား ဤသို့ ဝိညာဏ်ကို အထူးသိ၍ ဤသို့ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာကို အထူးသိ၍ ဤသို့ ဝိညာဏ်ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကို အထူးသိ၍ ဤသို့ ဝိညာဏ်၏ သာယာဖွယ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်၏အပြစ်ကို အထူးသိ၍ ဤသို့ ဝိညာဏ်မှ ထွက်မြောက်မှုကို အထူးသိ၍ ဝိညာဏ်၌ ငြီငွေ့ခြင်းကြောင့်စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကောင်းစွာ လွတ်မြောက်သူတို့ ဖြစ်ကုန်၏။ ကောင်းစွာ လွတ်မြောက်ပြီးသော သူတို့သည် အလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ခုနစ်ဌာနတို့၌ လိမ္မာ၏။

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် သုံးမျိုးအားဖြင့် ရှုဆင်ခြင်သူ ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဓာတ်အားဖြင့် ရှု၏၊ အာယတနအားဖြင့် ရှု၏၊ ပဋိစ္စသမုပ္ပါဒ်အားဖြင့်ရှု၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သုံးမျိုးအားဖြင့် ရှုဆင်ခြင်သူ ဖြစ်၏။ ရဟန်းတို့ ခုနစ်ဌာနတို့၌ လိမ္မာသော သုံးမျိုးအားဖြင့် ရှုသော ရဟန်းကို ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ အလုံးစုံ ပြည့်စုံသူကျင့်သုံးပြီသူ ယောကျာ်းမြတ်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။