သံယုတ္တနိကာယ်—၂၂

(၆) ၁—ဥပယဝဂ်

၆—သမ္မာသမ္ဗုဒ္ဓသုတ်

၅၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ရုပ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့်ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာတို့မှ လွတ်မြောက်ပြီးသော သမ္မာသမ္ဗုဒ္ဓဟု ဆိုအပ်၏။

ရဟန်းတို့ ပညာအားဖြင့် ကိလေသာတို့မှ လွတ်မြောက်သော ရဟန်းကိုလည်း ရုပ်၌ ငြီးငွေ့ခြင်းကြောင့်စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာတို့မှ လွတ်မြောက်ပြီးသောပညာဝိမုတ္တရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ဝေဒနာ၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့်မစွဲလမ်းမူ၍ ကိလေသာတို့မှ လွတ်မြောက်ပြီးသော သမ္မာသမ္ဗုဒ္ဓဟု ဆိုအပ်၏။ ရဟန်းတို့ ပညာအားဖြင့်ကိလေသာတို့မှ လွတ်မြောက်သော ရဟန်းကိုလည်း ဝေဒနာ၌ ငြီးငွေ့ခြင်းကြောင့်။ပ။ ပညာဝိမုတ္တရဟန်းဟု ဆိုအပ်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်း ကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာတို့မှ့လွတ်မြောက်ပြီးသော သမ္မာသမ္ဗုဒ္ဓဟု ဆိုအပ်၏။ ရဟန်းတို့ ပညာအားဖြင့် လွတ်မြောက်သောရဟန်းကိုလည်း ဝိညာဏ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာတို့မှ လွတ်မြောက်ပြီးသော ပညာဝိမုတ္တရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ ထိုနှစ်ပါးတို့တွင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားနှင့် ပညာအားဖြင့် လွတ်မြောက်သော ပညာဝိမုတ္တရဟန်းနှစ်ပါးတို့၏ အထူးကား အဘယ်နည်း။ ပိုလွန်သော အားထုတ်မှုကား အဘယ်နည်း၊ ခြားနားမှုကားအဘယ်နည်းဟု မိန့်တော်မူ၏။ မြတ်စွာဘုရား တပည့်တော်တို့အား တရားတော်တို့သည် မြတ်စွာဘုရားသာလျှင် အရင်းခံ ရှိပါကုန်၏။ မြတ်စွာဘုရားသာလျှင် ရှေ့ဆောင် ဖြစ်ပါကုန်၏။ မြတ်စွာဘုရားသာလျှင်ကိုးကွယ်ရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဤစကား၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရားဉာဏ်၌ သာ ထင်စေတော်မူပါလော့၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားရပါကုန်လတ္တံ့ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ သို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအားပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် မဖြစ်ပေါ်သေးသော လမ်းကို ဖြစ်ပေါ်စေ၏၊ မဖြစ်သေးသော လမ်းကိုဖြစ်စေ၏၊ မပြောကြားဖူးသေးသော လမ်းကို ပြောကြားတော်မူ၏၊ လမ်းကို သိတော်မူ၏၊ လမ်း၌ ကျွမ်းကျင်တော်မူ၏၊ လမ်း၌ လိမ္မာတော်မူ၏၊ ရဟန်းတို့ ယခုအခါ တပည့်တို့သည် လမ်းသို့ အစဉ်လိုက်ကုန်လျက် နေကုန်၏၊ နောက်မှ ပြည့်စုံကုန်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားနှင့် ပညာဖြင့်လွတ်မြောက်သော ရဟန်း တို့၏ အထူးကား ဤသည်ပင်တည်း၊ ပိုလွန်သော အားထုတ်မှုကား ဤသည်ပင်တည်း၊ ခြားနားမှုကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။