သံယုတ္တနိကာယ်—၂၂

(၆) ၁—ဥပယဝဂ်

၇—အနတ္တလက္ခဏသုတ်

၅၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏—

ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တ ဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်”ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်၏။

“ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်”ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။

ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တ ဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်”ဟုဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့်နာကျင်ခြင်း ငှါ ဖြစ်၏။ “ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့မဖြစ်စေလင့်”ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်း မရ။

သညာသည် အတ္တမဟုတ်။ပ။ သင်္ခါရတို့သည် အတ္တမဟုတ်ကုန်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တ့ဖြစ်ကုန်ငြားအံ့၊ နာကျင်ခြင်းငှါ မဖြစ်ကုန်ရာ၊ “ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်သတည်း “ဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်ကုန်၏။ “ငါ၏ သင်္ခါရတို့သည် ဤသို့ဖြစ်စေ ကုန်သတည်း၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်သတည်း”ဟု သင်္ခါရတို့၌ တောင့်တမှုကိုရလည်း မရ။

ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဝိညာဏ်သည် အတ္တ ဖြစ်ခဲ့ငြားအံ့၊ နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်”ဟု ဝိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှါ ဖြစ်၏။ “ငါ၏ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်”ဟု ဝိညာဏ်၌ တောင့်တမှုကိုရလည်း မရ။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော “ ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သောအလုံးစုံသော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်’အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ အတိတ် အနာဂတ်ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ မဟုတ်၊ ဤဝေဒနာသည် ငါ မဟုတ်၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှုရမည်။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော သညာကို။ သင်္ခါရတို့ကို “ ဤသင်္ခါရတို့သည်ငါ့ဥစ္စာ မဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ မဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် ‘အတ္တ’မဟုတ်ကုန်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ အတိတ် အနာဂတ်ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာ ဖြင့် ရှုရမည်။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေ နေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု ဟောတော်မူ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။ ဤဂါထာမဖက် သက်သက်သောဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှလွတ်မြောက်ကုန်၏။

သတ္တမသုတ်။