သံယုတ္တနိကာယ်—၂၂
(၇) ၂—အရဟန္တဝဂ်
၃—အဘိနန္ဒမာနသုတ်
၆၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ ပြင်းစွာ လုံ့လပြု၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍ နေလိုပါ၏ “ဟု လျှောက်၏။ ရဟန်း အလွန်နှစ်သက်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မနှစ်သက်သော် မာရ်မှ လွတ်မြောက်၏ဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ့ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။
ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ မြတ်စွာဘုရား ရုပ်ကို အလွန်နှစ်သက်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မနှစ်သက်သော် မာရ်မှ လွတ်မြောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အလွန်နှစ်သက်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မနှစ်သက်သော် မာရ်မှ လွတ်မြောက်၏။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းဟော အပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။
ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်ကို အလွန်နှစ်သက်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မနှစ်သက်သော် မာရ်မှ လွတ်မြောက်၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကိုနှစ်သက်သော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မနှစ်သက်သော် မာရ်မှ လွတ်မြောက်၏။ ရဟန်း ငါအကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည်ရဟန္တာတို့တွင် တစ်ပါး အပါအဝင် ဖြစ်လေ၏။
တတိယသုတ်။