သံယုတ္တနိကာယ်—၂၂

(၇) ၂—အရဟန္တဝဂ်

၄—အနိစ္စသုတ်

၆၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ ပြင်းစွာ လုံ့လပြုလျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏”ဟု လျှောက်၏။ ရဟန်း အကြင်သဘောတရားသည် မမြဲ၊ ထိုမမြဲသော သဘောတရား၌ သင်သည် လိုချင်မှုကို ပယ်ရမည်ဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား ရုပ်သည် မမြဲပါ၊ တပည့်တော်သည် ထိုမမြဲသော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲပါ။ တပည့်တော်သည်ထိုမမြဲသော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရပါမည်။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရားအကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်သည် မမြဲ၊ သင်သည် ထိုမမြဲသော ရုပ်၌ လိုချင်မှုကိုပယ်ရမည်။ ဝေဒနာသည် မမြဲ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲ၊ သင်သည် ထိုမမြဲသော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရမည်။ ရဟန်း ငါ အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

စတုတ္ထသုတ်။