သံယုတ္တနိကာယ်—၂၂

(၇) ၂—အရဟန္တဝဂ်

၅—ဒုက္ခသုတ်

၆၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ ပြင်းစွာ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏ “ဟု လျှောက်၏။ ရဟန်း အကြင်သဘောတရားသည်ဆင်းရဲ၏၊ ထိုဆင်းရဲသော သဘောတရား၌ သင်သည် လိုချင်မှုကို ပယ်ရမည်ဟု မိန့်တော်မူ၏။

ဘုန်းတော် ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား ရုပ်သည် ဆင်းရဲ၏၊ တပည့်တော်သည် ထိုဆင်းရဲသော ရုပ်၌ လိုချင်မှုကို ပယ်ရပါမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ဆင်းရဲ၏။ တပည့်တော်သည် ထိုဆင်းရဲသော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရပါမည်။ အသျှင်ဘုရား တပည့်တော်သည်မြတ်စွာ ဘုရား အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်သည် ဆင်းရဲ၏၊ သင်သည် ထိုဆင်းရဲသော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ဆင်းရဲ၏၊ သင်သည်ထိုဆင်းရဲသော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရမည်။ ရဟန်း ငါ အကျဉ်းဟောအပ်သော ဤစကား၏အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင်ဖြစ်လေ၏။

ပဉ္စမသုတ်။