သံယုတ္တနိကာယ်—၂၂

၁—နကုလပိတုဝဂ်

၇—ဥပါဒါပရိတဿနာသုတ်

၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်းကိုလည်းကောင်း၊ မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်းကိုလည်းကောင်း သင်တို့အား ဟောကြားအံ့၊ နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ အဘယ်သို့လျှင် စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်း ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ အကြားအမြင် မရှိသော အရိယာတို့ကို မဖူးမြင်ဖူးသော အရိယာတရား၌ မလိမ္မာသောအရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော သူတော်ကောင်းတရား၌ မလိမ္မာသော သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။

ရုပ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုး တစ်ဖုံ ဖြစ်ခြင်းကြောင့် ရုပ်ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သောဝိညာဏ်ဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန် ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှုအကုသိုလ်တရား အစုတို့သည် စိတ်ကို သိမ်း ကျုံး၍ တည်ကုန်၏၊ စိတ်ကို သိမ်းကျုံး၍ တည်ခြင်းကြောင့် ထိတ်လန့်ခြင်းရှိသည်လည်း ဖြစ်၏၊ ပင်ပန်း ခြင်းရှိသည်လည်း ဖြစ်၏၊ ငဲ့ကွက်ခြင်းရှိသည်လည်း ဖြစ်၏၊ စွဲလမ်း၍လည်း တောင့်တ၏။

ခံစားမှု’ဝေဒနာ’ကို အတ္တဟူ၍ ရှု၏။ ဝေဒနာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာဟူ၍ သော်လည်းကောင်း၊ ဝေဒနာ၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ထိုသူ၏ထိုခံစားမှု ‘ဝေဒနာ’သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူ၏ ထိုဝေဒနာသည် ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် ဝေဒနာ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် ဖြစ်၏၊ ထိုသူအား ဝေဒနာ ဖောက် ပြန်ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှုအကုသိုလ်တရားအစုတို့သည် စိတ်ကို သိမ်းကျုံး၍ တည်ကုန်၏၊ စိတ်ကို သိမ်းကျုံး၍ တည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်း ဖြစ်၏၊ ပင်ပန်းခြင်းရှိသည်လည်း ဖြစ်၏၊ ငဲ့ကွက်ခြင်းရှိသည်လည်း ဖြစ်၏၊ စွဲလမ်း၍လည်း တောင့်တ၏။

မှတ်သားမှု ‘သညာ’ကို အတ္တဟူ၍ ရှု၏။ပ။ ပြုပြင်မှု’သင်္ခါရ’တို့ကို အတ္တဟူ၍ ရှု၏။ ပြုပြင်မှု’သင်္ခါရ’ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ပြုပြင်မှု’သင်္ခါရ’တို့ဟူ၍ သော်လည်းကောင်း၊ ပြုပြင်မှု’သင်္ခါရ’ တို့၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ထိုသူ၏ ထိုပြုပြင်မှု’သင်္ခါရ’တို့သည်ဖောက်ပြန်ကုန်၏၊ တစ်မျိုး တစ်ဖုံ ဖြစ်ကုန်၏၊ ထိုသူ၏ ထိုပြုပြင်မှု’သင်္ခါရ’တို့ ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် ပြုပြင်မှု ‘သင်္ခါရ’တို့ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည်ဖြစ်၏၊ ထိုသူအား ပြုပြင်မှု’သင်္ခါရ’တို့ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သောတောင့်တမှု အကုသိုလ်တရားအစုတို့သည် စိတ်ကို သိမ်းကျုံး၍ တည်ကုန်၏၊ စိတ်ကို သိမ်းကျုံး၍ တည်ခြင်းကြောင့် ထိတ်လန့်ခြင်းရှိသည်လည်း ဖြစ်၏၊ ပင်ပန်းခြင်းရှိသည်လည်း ဖြစ်၏၊ ငဲ့ကွက်ခြင်းရှိသည်လည်း ဖြစ်၏၊ စွဲလမ်း၍လည်း တောင့်တ၏။

ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍ သော်လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍ သော်လည်းကောင်း ရှု၏။ ထိုသူ၏ ထိုဝိညာဏ်သည်ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝိညာဏ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် ဝိညာဏ် ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် ဖြစ်၏၊ ထိုသူအားဝိညာဏ် ဖောက်ပြန်ခြင်းသို့ အစဉ် လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှုအကုသိုလ်တရားအစုတို့သည် စိတ်ကို သိမ်းကျုံး၍ တည် ကုန်၏၊ စိတ်ကို သိမ်းကျုံး၍ တည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်း ဖြစ်၏၊ ပင်ပန်းခြင်းရှိသည်လည်း ဖြစ်၏၊ ငဲ့ကွက်ခြင်းရှိသည်လည်း ဖြစ်၏၊ စွဲလမ်း၍လည်း တောင့်တ၏။ ရဟန်းတို့ ဤသို့လျှင် စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်း ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်း ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ အကြားအမြင်ရှိသော အရိယာတို့ကို ဖူးမြင်ဖူးသော အရိယာတရား၌ လိမ္မာသော အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော သူတော်ကောင်းတရား၌ လိမ္မာသော သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟူ၍ မရှု။ ရုပ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍ သော်လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် ရုပ်ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ် မဖြစ်၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်းသို့အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှု အကုသိုလ်တရားအစုတို့သည် စိတ်ကို သိမ်းကျုံး၍ မတည်ကုန်၊ စိတ်ကို သိမ်းကျုံး၍ မတည်ခြင်းကြောင့် ထိတ်လန့်ခြင်းရှိသည်လည်း မဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငဲ့ကွက်ခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်းမူ၍လည်း မတောင့်တ။

ခံစားမှု”ဝေဒနာ”ကို အတ္တဟူ၍ မရှု။ ဝေဒနာရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာဟူ၍ သော်လည်းကောင်း၊ ဝေဒနာ၌ အတ္တဟူ၍ သော်လည်းကောင်း မရှု။ ထိုသူ၏ထိုခံစားမှု “ဝေဒနာ”သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ခံစားမှု “ဝေဒနာ”ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် ခံစားမှု “ဝေဒနာ” ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သောဝိညာဏ်သည် မဖြစ်၊ ထိုသူအား ခံစားမှု “ဝေဒနာ” ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့်ဖြစ်ကုန်သော တောင့်တမှု အကုသိုလ်တရား အစုတို့သည် စိတ်ကို သိမ်းကျုံး၍ မတည်ကုန်၊ စိတ်ကိုသိမ်းကျုံး၍ မတည်ခြင်းကြောင့် ထိတ်လန့်ခြင်း ရှိသည်လည်း မဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငဲ့ကွက်ခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်းမူ၍လည်း မတောင့်တ။

မှတ်သားမှု “သညာ”ကို။ပ။ ပြုပြင်မှု “သင်္ခါရ”တို့ကို အတ္တဟူ၍ မရှု၊ ပြုပြင်မှု”သင်္ခါရ”ရှိသော အတ္တဟူ၍ သော်လည်းကောင်း၊ အတ္တ၌ ပြုပြင်မှု”သင်္ခါရ”တို့ဟူ၍ သော်လည်းကောင်း၊ ပြုပြင်မှု”သင်္ခါရ”တို့၌ အတ္တ ဟူ၍ သော်လည်းကောင်း မရှု။ ထိုသူ၏ ထိုပြုပြင်မှု “သင်္ခါရ”တို့သည် ဖောက်ပြန်ကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်ကုန်၏၊ ထိုသူအား ပြုပြင်မှု”သင်္ခါရ”တို့ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် ပြုပြင်မှု “သင်္ခါရ”တို့ ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ် မဖြစ်၊ ထိုသူအားပြုပြင်မှု”သင်္ခါရ”တို့ ဖောက် ပြန်ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှုအကုသိုလ်တရားအစုတို့သည် စိတ်ကို သိမ်းကျုံး၍ မတည်ကုန်၊ စိတ်ကို သိမ်းကျုံး၍ မတည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်း မဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငဲ့ကွက်ခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်းမူ၍လည်း မတောင့်တ။

ဝိညာဏ်ကို အတ္တဟူ၍ မရှု။ ဝိညာဏ်ရှိသော အတ္တဟူ၍ သော်လည်းကောင်း။ပ။ မရှု။ ထိုသူ၏ ထိုဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝိညာဏ် ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် ဝိညာဏ် ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် မဖြစ်၊ ထိုသူအား ဝိညာဏ်ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်ခြင်းကြောင့် ဖြစ်ကုန်သော တောင့်တမှုအကုသိုလ်တရားအစုတို့သည်စိတ်ကို သိမ်းကျုံး၍ မတည်ကုန်၊ စိတ်ကို သိမ်းကျုံး၍ မတည်ခြင်းကြောင့် ထိတ်လန့်ခြင်းရှိသည်လည်းမဖြစ်၊ ပင်ပန်းခြင်းရှိသည်လည်း မဖြစ်၊ ငဲ့ကွက်ခြင်းရှိသည်လည်း မဖြစ်၊ မစွဲလမ်းမူ၍လည်း မတောင့်တ။ ရဟန်းတို့ ဤသို့လျှင် မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။