သံယုတ္တနိကာယ်—၂၂

(၇) ၂—အရဟန္တဝဂ်

၈—ရဇနီယသဏ္ဌိတသုတ်

၇ဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့် တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏တရားကို နာရ၍ ။ပ။ နေလိုပါ၏”ဟု လျှောက်၏။ ရဟန်း အကြင်သဘောတရားသည်စွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်၏၊ ထိုစွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်သော သဘောတရား၌ လိုချင်မှုကို ပယ်ရမည်ဟု မိန့် တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား ရုပ်သည် စွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်ပါ၏၊ တပည့်တော်သည် ထိုစွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်သော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် စွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်ပါ၏။ တပည့်တော်သည် ထိုစွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်သော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရမည်။ အသျှင်ဘုရားတပည့်တော်သည် မြတ်စွာဘုရား အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်သည် စွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်၏၊ သင်သည်ထိုစွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်သော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် စွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်၏၊ သင်သည် ထိုစွဲမက်ဖွယ်အခြင်းအရာအားဖြင့် တည်သော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရမည်။ ရဟန်း ငါ အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

အဋ္ဌမသုတ်။