သံယုတ္တနိကာယ်—၂၂

(၈) ၃—ခဇ္ဇနီယဝဂ်

၄—အရဟန္တသုတ်

၇၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် မမြဲ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည်ကိုယ် ‘အတ္တ ‘ မဟုတ်၊ကိုယ် ‘အတ္တ ‘ မဟုတ်သော ရုပ်ကို “ ဤရုပ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ ‘ မဟုတ် “ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲ၊ မမြဲသောဝိညာဏ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ဝိညာဏ်သည်ကိုယ် ‘အတ္တ ‘ မဟုတ်၊ကိုယ် ‘အတ္တ ‘ မဟုတ်သောဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည်ငါ၏ကိုယ် ‘အတ္တ ‘ မဟုတ် “ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သော် “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ “ဟု သိ၏။ ရဟန်းတို့ ထိုရဟန္တာတို့သည် သတ္တဝါတို့၏ နေရာရှိသမျှ ဘဝဂ်တိုင်အောင်လောက၌ အမြတ်ဆုံး ဖြစ်ကုန်၏၊ အချီးမွမ်းထိုက်ဆုံး ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ဤစကားကိုမိန့်တော်မူပြီးနောက် ဤဂါထာကို မိန့်တော်မူ၏ —

“ရဟန္တာတို့သည် ချမ်းသာကုန်စွတကား၊ ထိုရဟန္တာတို့အား တဏှာသည် မရှိ၊ ငါ ဖြစ်၏ဟူသောမာနကို ကောင်းစွာ ဖြတ်အပ်ပြီ၊ မောဟတည်းဟူသော ကွန်ရက်ကို ဖျက်ဆီးအပ်ပြီ။

ထိုရဟန္တာတို့သည် တဏှာမရှိရာသို့ ရောက်ကုန်ပြီ၊ ထိုရဟန္တာတို့၏ စိတ်သည် နောက်ကျုခြင်း မရှိ၊ ထိုရဟန္တာတို့သည် လောက၌ ကိလေသာတို့ဖြင့် မလိမ်းကျံ ကုန်၊ မြတ်သော သူတို့ ဖြစ်ကုန်၏၊ အာသဝ ကုန်ခန်းကုန်ပြီ။

(ထိုရဟန္တာတို့သည်) ခန္ဓာငါးမျိုးတို့ကို ပိုင်းခြားသိ၍ သူတော်ကောင်းတရား ခုနစ်ပါးလျှင်အာရုံရှိကုန်၏၊ ချီးမွမ်းထိုက်ကုန်၏၊ သူတော်ကောင်းဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ ရင်၌ ဖြစ်သောသားတော်တို့ ဖြစ်ကုန်၏။

ကြီးသော လုံ့လရှိကုန်သော ထိုရဟန္တာတို့သည် (ဗောဇ္ဇျင်ဟူသော) ရတနာ ခုနစ်ပါးနှင့် ပြည့်စုံကုန်၏၊ ကျင့်ဖွယ် (သိက္ခာ) သုံးမျိုးတို့၌ ကျင့်ပြီး ဖြစ်ကုန်၏၊ ဘေးငယ်, ဘေးကြီးတို့ကို ပယ်ပြီး ဖြစ်ကုန်၍ လှည့်လည်ကုန်၏။

ထိုရဟန္တာတို့သည် အင်္ဂါဆယ်ပါးတို့နှင့် ပြည့်စုံကုန်၏၊ ဆင်ပြောင်ကြီးသဖွယ် ကြီးကျယ်မြင့်မြတ်ကုန်၏၊ တည်ကြည်ကုန်၏၊ လောက၌ အမြတ်ဆုံး ဖြစ်ကုန်၏၊ ထိုရဟန္တာတို့အား တဏှာသည် မရှိ။

ထိုရဟန္တာပုဂ္ဂိုလ်တို့အား အသေက္ခပုဂ္ဂိုလ်တို့၏ ဉာဏ်သည် ဖြစ်ပေါ်ပြီ၊ ဤ ခန္ဓာကိုယ်သည် နောက်ဆုံးဖြစ်၏၊ အကျင့်မြတ်၏ အနှစ်ဖြစ်သော အရိယာဖိုလ်၌ သူတစ်ပါးကို အားထားဖွယ် မရှိကုန်ပြီ။

သုံးပါးသော မာနအဖို့တို့ကြောင့် မတုန်လှုပ်ကုန်၊ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမှ လွတ်ကုန်၏၊ ယဉ်ကျေးပြီးသူတို့ ရောက်အပ်ရာဘုံ ‘အရဟတ္တဖိုလ် ‘ သို့ ရောက် ကုန်၏၊ ထိုရဟန္တာတို့သည် လောက၌ ရန်အပေါင်းတို့ကို အောင်မြင်ပြီးသူတို့ ဖြစ် ကုန်၏။

ထိုရဟန္တာတို့အား အတိတ် အနာဂတ် ပစ္စုပ္ပန်ဘဝတို့၌ နှစ်သက်မှု ‘တဏှာ’သည် မရှိ၊ ‘လောက၌ ့မြတ်စွာဘုရားတို့သည် အတု မရှိကုန် ‘ဟု ထိုရဟန္တာတို့သည် ရဲရဲရင့်ရင့် စကားကို ကြုံးဝါးကုန်၏ “ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။