သံယုတ္တနိကာယ်—၂၂

(၈) ၃—ခဇ္ဇနီယဝဂ်

၆—သီဟသုတ်

၇၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ညချမ်းအခါ နေရာမှ ထွက်၍ စံပယ်ပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို ကြည့်၍ သုံးကြိမ် ခြင်္သေ့သံကို ဟောက်လျက်ကျက်စားရာ အရပ်သို့ သွား၏၊ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်း၏ ဟောက်သံကို ကြားရသောတိရစ္ဆာန်သတ္တဝါအားလုံးတို့သည် များသောအားဖြင့် ကြောက်ခြင်း ထိတ်ခြင်း လန့်ခြင်းသို့ရောက်ကုန်၏။ တွင်းနေသတ္တဝါတို့သည် တွင်းသို့ ဝင်ကုန်၏၊ ရေနေသတ္တဝါတို့သည် ရေသို့ ဝင်ကုန်၏၊ တောနေသတ္တဝါ တို့သည် တောသို့ ဝင်ကုန်၏၊ ငှက်တို့သည် ကောင်းကင်သို့ ပျံကုန်၏။ ရဟန်းတို့ ရွာနိဂုံး မင်းနေပြည် တို့၌ ခိုင်ခံ့သော ကြိုးတို့ဖြင့် ချည်ထားအပ်ကုန်သော မင်း၏ ဆင်တို့သော်မှလည်းထိုကြိုးတို့ကို ဖြတ် ကုန်လျက် ချိုးဖဲ့ပြီးလျှင် ကြောက်သဖြင့် ကျင်ငယ်ကျင်ကြီးတို့ကို စွန့်ကြကာ ထိုမှ ဤမှ ပြေးသွားကုန်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် တိရစ္ဆာန်သတ္တဝါတို့တွင် ဤသို့တန်ခိုးကြီး၏၊ ဤသို့ အစိုးရ၏၊ ဤသို့ အာနုဘော်ကြီး၏။

ရဟန်းတို့ ဤအတူ အကြင်အခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော ကောင်းသောစကားကို ဆိုတော်မူတတ်သော လောကကို သိတော်မူသော ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော နတ်လူတို့၏ ဆရာဖြစ်တော်မူသော (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည်”ရုပ်ကား ဤသို့၊ ရုပ်ဖြစ်ကြောင်းကား ဤသို့၊ ရုပ်ချုပ်ရာကား ဤသို့တည်း။ ဝေဒနာကား ဤသို့။ သညာကား ဤသို့။ သင်္ခါရတို့ကား ဤသို့။ ဝိညာဏ်ကား ဤသို့၊ ဝိညာဏ်ဖြစ်ကြောင်းကား ဤသို့၊ ဝိညာဏ်ချုပ်ရာကား ဤသို့တည်း”ဟု တရားကို ဟော၏။

ရဟန်းတို့ ထိုအခါ အသက်ရှည်ကုန်သော အဆင်းလှကုန်သော ချမ်းသာများကုန်သော မြင့်သောဗိမာန်တို့၌ ကြာမြင့်စွာ တည်ကုန်သော နတ်တို့သော်မှလည်း မြတ်စွာဘုရား၏ တရားသံကို ကြားနာရ၍ အချင်းတို့ ငါတို့သည် မမြဲသူတို့သာ ဖြစ်ကုန်လျက် “မြဲကြကုန်၏ “ဟု ထင်မိခဲ့ကုန်၏၊ အချင်းတို့ငါတို့သည် မခိုင်ခံ့သူတို့သာ ဖြစ်ကုန်လျက် “ခိုင်ခံ့ကုန်၏ “ဟု ထင်မိခဲ့ကုန်၏၊ အချင်းတို့ ငါတို့သည်မတည်တံ့သူတို့သာ ဖြစ်ကုန်လျက် “တည်တံ့ကုန်၏ “ဟု ထင်မိခဲ့ကုန်၏၊ အချင်းတို့ ငါတို့သည်လည်းမမြဲကြဘူးတဲ့၊ မခိုင်ခံ့ကြဘူးတဲ့၊ မတည်တံ့ကြဘူးတဲ့၊ သက္ကာယ၌ အကျုံးဝင်ကုန်သတဲ့ဟု အများအားဖြင့်ကြောက်ခြင်း ထိတ်ခြင်း လန့်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ မြတ်စွာဘုရားသည် နတ်နှင့်တကွသော လောက၌ ဤသို့ တန်ခိုးကြီး၏၊ ဤသို့ အစိုးရ၏၊ ဤသို့ အာနုဘော်ကြီး၏၊ မြတ်စွာဘုရားသည် ဤ စကားကို မိန့်တော်မူပြီး၍ တစ်ဖန် ဤဂါထာကို မိန့်ဆိုပြန်၏—

“နတ်နှင့် တကွသော လောက၏ ဆရာဖြစ်သော ပြိုင်ဖက်မရှိသော မြတ်စွာ ဘုရားသည် အကြင်အခါ၌ သက္ကာယကိုလည်းကောင်း၊ သက္ကာယ၏ ချုပ်ရာကိုလည်း ကောင်း၊ သက္ကာယ၏ ဖြစ်ရာကိုလည်းကောင်း၊ ဆင်းရဲငြိမ်းရာသို့ ရောက်စေနိုင် သော အင်္ဂါရှစ်မျိုးရှိသော အရိယမဂ်ကိုလည်းကောင်း အထူးသိ၍ တရားစကြာကို လည်စေတော်မူ၏။

ထိုအခါ၌ ‘အခြားသားကောင်တို့သည် ခြင်္သေ့ကို ကြောက်ကြသကဲ့သို့’ အသက် ရှည်ကုန်သောအဆင်းလှကုန်သော အခြံအရံများကုန်သော နတ်တို့သော်မှလည်း ပူဇော်အထူးကို ခံထိုက်သောကိလေသာမှ လွတ်ပြီးသော တာဒိဂုဏ်နှင့် ပြည့်စုံသော မြတ်စွာဘုရား၏ စကားကို ကြားနာကြရ၍ ကြောက်ရွံ့ကုန်ရကား “အချင်းတို့ ငါ တို့သည် သက္ကာယ (ခန္ဓာကိုယ်)ကို မလွန်ကြသေးဘူးသတဲ့၊ မမြဲကြဘူးသတဲ့”ဟု ထိတ်လန့်ခြင်းသို့ ရောက်ကုန်၏ “ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။