သံယုတ္တနိကာယ်—၂၂
(၈) ၃—ခဇ္ဇနီယဝဂ်
၈—ပိဏ္ဍောလျသုတ်
၈ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် တစ်စုံတစ်ခုသော အကြောင်းကြောင့် ရဟန်းသံဃာကို နှင်ထုတ်တော် မူ၍ နံနက်အခါ သင်္ကန်းကို ပြင်ဝတ်တော်မူပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် ကပိလဝတ်ပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ကပိလဝတ်ပြည်၌ ဆွမ်းခံလှည့်လည်တော်မူပြီးလျှင် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခွါတော်မူ၍ မဟာဝုန်တောသို့ နေ့သန့်စင်ရန် ချဉ်းကပ်ပြီးလျှင် မဟာဝုန်တောသို့ ဝင်ရောက်၍ ဥသျှစ်ပင်ရင်း၌ နေ့သန့်စင်ရန် ထိုင်တော်မူ၏။
ထိုအခါ ဆိတ်ငြိမ်ရာ၌ တစ်ပါးတည်း ကိန်းအောင်းနေသော မြတ်စွာဘုရားအား ဤသို့ စိတ်အကြံသည် ဖြစ်၏ — “ငါသည် ရဟန်းသံဃာကို နှင်ထုတ်အပ်၏၊ ဤရဟန်းသံဃာ၌ ငယ်ကုန်သောရဟန်းပြု၍ မကြာသေးကုန်သော ဤဓမ္မဝိနယ’သာသနာတော်’သို့ ယခုမှ ရောက်လာကုန်သောရဟန်းတို့သည် ရှိကုန်၏၊ ထိုရဟန်းတို့သည် ငါဘုရားကို မမြင်ကြရသော် တစ်မျိုးတစ်မည် ဖြစ်ရာ၏၊ ဖောက်ပြန်ခြင်း ဖြစ်ရာ၏။ ဥပမာသော်ကား နုနယ်သော နွားကလေးသည် မိခင်ကို မမြင်ရသော်တစ်မျိုးတစ်မည် ဖြစ်ရာသကဲ့သို့ ဖောက်ပြန်ခြင်း ဖြစ်ရာသကဲ့သို့ ဤအတူ ဤရဟန်းသံဃာ၌ ငယ်ကုန်သော ရဟန်းပြု၍ မကြာသေးကုန် သော ဤဓမ္မဝိနယ ‘သာသနာတော် ‘ သို့ ယခုမှရောက်လာကုန်သော ရဟန်းတို့သည် ရှိသေးကုန်၏၊ ထိုရဟန်းတို့သည် ငါ့ကို မမြင်ကြရသော်တစ်မျိုးတစ်မည် ဖြစ်ရာ၏၊ ဖောက်ပြန်ခြင်း ဖြစ်ရာ၏။ ဥပမာ တစ်မျိုးသော်ကား နုသောမျိုးစေ့တို့သည် ရေကို မရကြသော် တစ်မျိုးတစ်မည် ဖြစ်ရာသကဲ့သို့ ဖောက် ပြန်ခြင်း ဖြစ်ရာသကဲ့သို့ ဤအတူ ဤရဟန်းသံဃာ၌ ။ပ။ ရှိသေးကုန်၏၊ ထိုရဟန်းတို့သည် ငါ့ကို မမြင် ကြရသော်တစ်မျိုးတစ်မည် ဖြစ်ရာ၏၊ ဖောက်ပြန်ခြင်း ဖြစ်ရာ၏၊ ငါသည် ရှေးအခါ ရဟန်းသံဃာကိုချီးမြှောက်သကဲ့သို့ ဤအတူ ယခုအခါ ချီးမြှောက်ရပါမူ ကောင်းလေစွ “ဟု အကြံ ဖြစ်၏။
ထိုအခါ သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ အားရှိသောယောကျာ်းသည် ကွေးသောလက်ရုံးကို ဆန့်သကဲ့သို့ ဆန့်ထားသောလက်ရုံးကို ကွေးသကဲ့သို့ ဗြဟ္မာ့ဘုံမှကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားဖြစ်၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် ဤစကားကို လျှောက်၏—“ဘုန်းတော်ကြီး့တော်မူသော မြတ်စွာဘုရား ဤအတိုင်းပင် မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာ ဘုရား ဤအတိုင်းပင် မှန်ပါ၏၊ မြတ်စွာဘုရားသည် ရဟန်းသံဃာကို နှင်ထုတ်အပ်၏၊ ဤရဟန်းသံဃာ၌ ငယ်ကုန်သော ရဟန်းပြု၍ မကြာသေးကုန်သော ဤဓမ္မဝိနယ ‘သာသနာတော် ‘ သို့ယခုမှ ရောက်လာကုန် သော ရဟန်းတို့သည် ရှိသေးကုန်၏၊ ထိုရဟန်းတို့သည် မြတ်စွဘုရားကိုမမြင်ကြရသော် တစ်မျိုး တစ်မည် ဖြစ်ရာ၏၊ ဖောက်ပြန်ခြင်း ဖြစ်ရာ၏၊ ဥပမာသော်ကား နုနယ်သောနွားကလေးသည် မိခင်ကို မမြင်ကြရသော် တစ်မျိုးတစ်မည် ဖြစ်ရာသကဲ့သို့ ဖောက်ပြန်ခြင်းဖြစ်ရာသကဲ့သို့ ဤအတူ ဤရဟန်း သံဃာ၌ ငယ်ကုန်သော ရဟန်းပြု၍ မကြာသေးကုန်သော ဤဓမ္မဝိနယ’သာသနာတော် ‘သို့ ယခုမှ ရောက် လာကုန်သော ရဟန်းတို့သည် ရှိသေးကုန်၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားကို မမြင်ကြရသော် တစ်မျိုးတစ်မည် ဖြစ်ရာပါ၏၊ ဖောက်ပြန်ခြင်းဖြစ်ရာပါ၏။ ဥပမာတစ်မျိုးသော်ကား နုသော မျိုးစေ့ တို့သည် ရေကို မရကြသော် တစ်မျိုးတစ်မည်ဖြစ်ရာသကဲ့သို့ ဖောက်ပြန်ခြင်း ဖြစ်ရာသကဲ့သို့ ဤအတူ ဤရဟန်းသံဃာ၌ ငယ်ကုန်သော ရဟန်းပြု၍ မကြာသေးကုန်သော ဤဓမ္မဝိနယ ‘သာသနာတော် ‘ သို့ ယခုမှ ရောက်လာကုန်သော ရဟန်းတို့သည်ရှိသေးကုန်၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားကို မဖူးမြင် ကြရသော် တစ်မျိုးတစ်မည် ဖြစ်ရာပါ၏၊ ဖောက်ပြန်ခြင်း ဖြစ်ရာပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာကို နှစ်သက်တော်မူပါ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာကို ဆုံးမတော်မူပါ၊ မြတ်စွာဘုရားသည် ရှေးအခါကရဟန်းသံဃာကို ချီးမြှောက်တော်မူသကဲ့သို့ ယခုအခါ၌လည်း ချီးမြှောက် တော်မူပါ “ဟု လျှောက်၏။
မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရား လက်ခံကြောင်းကို သိ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုနေရာ၌ ပင် ကွယ်ပျောက်လေ၏။
ထို့နောက် မြတ်စွာဘုရားသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထပြီးလျှင် နိဂြောဓာရုံကျောင်းသို့ချဉ်းကပ်တော်မူ၍ ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့သည် တစ်ပါးစီလည်းကောင်း၊ နှစ်ပါးစီလည်းကောင်း ကြောက်ရွံ့သော သဘောရှိကုန်လျက် ငါ့ထံသို့ ချဉ်းကပ်ကြစေဟူသော တန်ခိုးဖန်ဆင်းမှုကို ပြုတော်မူ၏။ ထိုရဟန်းတို့သည်လည်း တစ်ပါးစီလည်းကောင်း၊ နှစ်ပါးစီလည်းကောင်းကြောက်ရွံ့သော သဘောရှိကုန်လျက် မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်ကြပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်ကြကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေကုန်သော ထိုရဟန်းတို့အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
ရဟန်းတို့ အသက်မွေးမှုတို့တွင် ဤထမင်းတောင်း၍ အသက်မွေးခြင်းသည် အယုတ်ဆုံး ဖြစ်၏။
ရဟန်းတို့ လောက၌ “ ဤသူတောင်းစား ခွက်လက်စွဲသည် လှည့်လည်၏ “ဟု ဆဲရေးခြင်းရှိ၏။
ရဟန်းတို့ ဤသို့ပင် ဖြစ်သော်လည်း အကျိုးထူးကို လိုလားကုန်သော အမျိုးသားတို့သည် အကျိုးထူးကိုအစွဲပြု၍ ထိုထမင်းတောင်းမှုသို့ ချဉ်းကပ်ကုန်၏၊ မင်းနှိပ်စက်၍လည်း မဟုတ်ကုန်၊ ခိုးသူနှိပ်စက်၍လည်းမဟုတ် ကုန်၊ ကြွေးမြီနှိပ်စက်၍လည်း မဟုတ်ကုန်၊ ဘေးနှိပ်စက်၍လည်း မဟုတ်ကုန်၊ အသက်မွေးမှုနှိပ်စက်၍လည်း မဟုတ်ကုန်။ စင်စစ်သော်ကား “ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် သက်ဝင်အပ်ကုန်သည် ဖြစ်၍ ဆင်းရဲခြင်းတို့သည်သက်ဝင်အပ ်ကုန်၏၊ ဆင်းရဲတို့သည် နှိပ်စက်အပ်ကုန်၏၊ ဤအလုံးစုံသော ဆင်းရဲအစု၏အဆုံးပြုမှုသည် ထင်ကောင်း တန်ရာ၏ “ဟု (နှလုံးပြု၍ ချဉ်းကပ်ကုန်၏)။
ရဟန်းတို့ ဤသို့ရဟန်းပြုသော အမျိုးသားသည်လည်း မက်မောခြင်း ‘အဘိဇ္ဈာ’ များသူ ကာမတို့၌ ထက်သော စွဲမက်မှုရှိသူ ဖျက်ဆီးလိုသော စိတ်ရှိသူ ပြစ်မှားလိုသော စိတ်အကြံရှိသူ သတိမေ့လျော့သူပညာဆင်ခြင်တုံ မရှိသူ မတည်ကြည်သူ တုန်လှုပ်သော စိတ်ရှိသူ ဣန္ဒြေတို့ကို မစောင့်စည်းသူ ဖြစ်ခဲ့အံ့၊ ရဟန်းတို့ နှစ်ဖက်မှ ရဲရဲလောင်နေသော အလယ်မှ မစင်ပေနေသော သူကောင်မြှိုက် ထင်းကုလားတုံးမီးစသည် ရွာ၌လည်း ထင်းကိစ္စကို မပြီးစေနိုင်၊ တော၌လည်း ထင်းကိစ္စကို မပြီးစေနိုင်သကဲ့သို့ ထိုနည်းတူစွာ ဤပုဂ္ဂိုလ်ကို လူ့စည်းစိမ်မှလည်း ယုတ်သူ ရဟန်းပြုကျိုးကိုလည်း မပြည့်စုံစေနိုင်သူဟု ငါ ဆို၏။
ရဟန်းတို့ အကုသိုလ်အကြံအစည်တို့သည် ဤသုံးမျိုးတို့တည်း။ ကာမ၌ ကြံစည်မှု ‘ကာမဝိတက် ‘၊ ဖျက်ဆီးခြင်း၌ ကြံစည်မှု ‘ဗျာပါဒဝိတက်’၊ ညှဉ်းဆဲခြင်း၌ ကြံစည်မှု ‘ဝိဟိံသာဝိတက် ‘ တို့တည်း။ ရဟန်းတို့ ဤအကုသိုလ်အကြံအစည် သုံးမျိုးတို့သည် အဘယ်၌ အကြွင်းမဲ့ ချုပ်ကုန်သနည်း၊ သတိပဋ္ဌာန်လေးပါး တို့၌ ကောင်းစွာ တည်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအားလည်းကောင်း၊ နိစ္စနိမိတ်စသည် မရှိ သော အနိမိတ္တသမာဓိကို ပွါးနေသော သူအားလည်းကောင်း (ချုပ်ကုန်၏)။
ရဟန်းတို့ ဤအနိမိတ္တ သမာဓိကို ပွါးခြင်းငှါ အလွန် သင့်သည်သာတည်း။ ရဟန်းတို့ နိစ္စနိမိတ်မရှိသော အနိမိတ္တသမာဓိကို ပွါးသော် ကြိမ်ဖန်များစွာ ပြုသော် အကျိုးများ၏၊ အာနိသင်များ၏။
ရဟန်းတို့ ဒိဋ္ဌိတို့သည် ဤနှစ်မျိုးတို့တည်း။ ဘဝရှိ၏ဟု စွဲယူသော ဒိဋ္ဌိလည်းကောင်း၊ ဘဝမရှိဟုစွဲယူသော ဒိဋ္ဌိလည်းကောင်းတို့တည်း။ ရဟန်းတို့ ထိုနှစ်မျိုးတို့တွင် အကြားအမြင်ရှိသောအရိယာတပည့်သည် “ငါဟု စွဲလမ်းသော် အပြစ်မရှိနိုင်ရာသော တစ်စုံတစ်ခုသော တရားမျိုးသည်လောက၌ ရှိသလော”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ “ငါဟု စွဲလမ်းသော် အပြစ်မရှိနိုင်ရာသောတစ်စုံတစ်ခုသော တရား မျိုးသည် လောက၌ မရှိ။ မှန်၏၊ ငါသည် စွဲလမ်းသော် ရုပ်ကိုသာလျှင်စွဲလမ်းရာ၏၊ ဝေဒနာကိုသာလျှင်။ သညာကိုသာလျှင်။ သင်္ခါရတို့ကိုသာလျှင်။ ဝိညာဏ်ကိုသာလျှင်စွဲလမ်းရာ၏၊ ထိုငါ့အား ဤစွဲလမ်းမှု အကြောင်းကြောင့် ဘဝဖြစ်ရာ၏၊ ဘဝအကြောင်းကြောင့်ပဋိသန္ဓေနေမှု ဖြစ်ရာ၏၊ ပဋိသန္ဓေနေမှုအကြောင်း ကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့ ဖြစ်ကုန်ရာ၏၊ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု၏ဖြစ်ပေါ်မှုသည် ဖြစ်ရာ၏”ဟု သိ၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း “ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်။ပ။ ရဟန်းတို့ ထို့ကြောင့်ပင် ဤသို့ ရှုသော။ပ။ ဤမဂ်ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။