သံယုတ္တနိကာယ်—၂၂

(၈) ၃—ခဇ္ဇနီယဝဂ်

၁ဝ—ပုဏ္ဏမသုတ်

၈၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတိုက်ဝယ် မိဂါရမာတာဝိသာခါ၏ ပြာသာဒ်ကျောင်း၌ များစွာသော ရဟန်းသံဃာနှင့်အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုတစ်ဆယ့်ငါးရက် ဥပုသ်လပြည့်နေ့ ညဉ့်အခါ၌ ရဟန်းသံဃာ ခြံရံလျက် လွင်တီးခေါင်၌ နေတော်မူ၏။

ထိုအခါ ရဟန်းတစ်ပါးသည် နေရာမှ ထကာ ပခုံးတစ်ဖက်၌ အပေါ်ရုံကို တင်၍ မြတ်စွာဘုရား ရှိရာသို့လက်အုပ်ချီလျက် မြတ်စွာဘုရားအား— “အသျှင်ဘုရား ပြဿနာမေးရန် တပည့်တော်အား အကယ် ၍ မြတ်စွာဘုရား ခွင့်ပြုပါလျှင် တပည့်တော်သည် အနည်းငယ် မေးလိုပါ၏”ဟု ဤစကားကို လျှောက်၏။

ရဟန်း သို့ဖြစ်လျှင် သင်သည် မိမိနေရာ၌ ထိုင်လျက် အလိုရှိရာကို မေးလော့ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ဝန်ခံ၍ မိမိနေရာ၌ ထိုင်လျက်မြတ်စွာဘုရား အား ဤစကားကို လျှောက်၏— “မြတ်စွာဘုရား ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာဟူကုန်သော ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟူသည် ဤသည်တို့ပင်လော”ဟု (လျှောက်၏)။ ရဟန်း ရူပုပါဒါနက္ခန္ဓာ။ပ။ ဝိညာဏုပါဒါနက္ခန္ဓာဟူသော ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟူသည် ဤသည်တို့ပင်တည်းဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းလှပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရား စကားကို အလွန် နှစ်သက်ဝမ်းမြောက်၍ ထို့ထက်အလွန် ပြဿနာကိုမေးလျှောက်ပြန်၏။

အသျှင်ဘုရား ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့သည် အဘယ်လျှင် အမြစ်အရင်း ရှိပါကုန်သနည်းဟု (လျှောက်၏)။ ရဟန်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့သည် လိုချင်မှု ‘ဆန္ဒ’ လျှင် အမြစ်အရင်းရှိကုန်၏။ပ။ အသျှင်ဘုရား ထိုစွဲလမ်းမှု’ဥပါဒါန်’သည်ပင် ထိုဥပါဒါနက္ခန္ဓာငါးမျိုးတို့လော၊ သို့မဟုတ် စွဲလမ်းမှု’ဥပါဒါန်’သည် ဥပါဒါနက္ခန္ဓာငါးမျိုးတို့မှ တခြားလော။ ရဟန်း ထိုစွဲလမ်းမှု’ဥပါဒါန်’သည်ပင် ဥပါဒါနက္ခန္ဓာငါးမျိုးတို့လည်း မဟုတ်၊ စွဲလမ်းမှု ‘ဥပါဒါန်’သည် ဥပါဒါနက္ခန္ဓာငါးမျိုးတို့မှ တခြားလည်း မဟုတ်၊ စင်စစ်သော်ကား ထိုဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ လိုချင်စွဲမက်မှု’ဆန္ဒရာဂ’သည် စွဲလမ်းမှု’ဥပါဒါန်’မည်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ကောင်းလှပါပြီဟု ထိုရဟန်းသည်။ပ။ ထို့ထက်အလွန် ပြဿနာကို မေးလျှောက်ပြန်၏။

အသျှင်ဘုရား ဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’၏ ထူးခြားခြင်းသည် ဖြစ်နိုင်ပါသလောဟု လျှောက်၏။ “ရဟန်း ဖြစ်နိုင်၏ “ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဤလောက၌ အချို့သူအား “အနာဂတ်ကာလ၌ ဤသို့ ရုပ်ရှိသူ ဖြစ်လို၏၊ အနာဂတ်ကာလ၌ ဤသို့ ဝေဒနာရှိသူ ဖြစ်လို၏၊ အနာဂတ်ကာလ၌ ဤသို့ သညာရှိသူ ဖြစ်လို၏၊ အနာဂတ်ကာလ၌ ဤသို့ သင်္ခါရရှိသူ ဖြစ်လို၏၊ အနာဂတ်ကာလ၌ ဤသို့ ဝိညာဏ်ရှိသူ ဖြစ်လို၏ “ဟု ဤသို့ ဖြစ်၏။ ရဟန်း ဤသို့လျှင် ဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’၏ ထူးခြားခြင်းသည် ဖြစ်နိုင်၏ဟု မိန့်တော်မူ၏။ “အသျှင်ဘုရားကောင်းလှပါပြီ “ဟု ထိုရဟန်းသည်။ပ။ ထို့ထက်အလွန် ပြဿနာကို မေးလျှောက်ပြန်၏။

အသျှင်ဘုရား ခန္ဓာတို့၏ ခန္ဓာဟူသော အမည်သည် အဘယ်မျှလောက်ရှိသနည်း။ ရဟန်း အတိတ်အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို ရူပက္ခန္ဓာဟု ဆိုအပ်၏။ ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သောအတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေးအနီးလည်းဖြစ်သော ဝိညာဏ်အားလုံးကို ဝိညာဏက္ခန္ဓာဟု ဆိုအပ်၏။ ရဟန်း ခန္ဓာတို့၏ ခန္ဓာဟူသောအမည်သည် ဤမျှလောက်ရှိ၏ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းလှပါပြီ”ဟု ထိုရဟန်းသည်။ပ။ မေးလျှောက်ပြန်၏။

အသျှင်ဘုရား ရူပက္ခန္ဓာကို ပညတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါနည်း၊ ဝေဒနာက္ခန္ဓာကို ပညတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါနည်း၊ သညာက္ခန္ဓာကို ပညတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါနည်း၊ သင်္ခါရက္ခန္ဓာကို ပညတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါနည်း၊ ဝိညာဏက္ခန္ဓာကို ပညတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါနည်းဟု လျှောက်၏။

ရဟန်း ရူပက္ခန္ဓာကို ပညတ်ရန် မဟာဘုတ်လေးခုတို့သည် အကြောင်းတည်း၊ မဟာဘုတ်လေးခုတို့သည် အထောက်အပံ့တည်း၊ ဝေဒနာက္ခန္ဓာကို ပညတ်ရန် ဖဿသည် အကြောင်းတည်း၊ ဖဿသည်အထောက်အပံ့တည်း၊ သညာက္ခန္ဓာကို ပညတ်ရန် ဖဿသည် အကြောင်းတည်း၊ ဖဿသည် အထောက်အပံ့တည်း၊ သင်္ခါရက္ခန္ဓာကို ပညတ်ရန် ဖဿသည် အကြောင်းတည်း၊ ဖဿသည် အထောက်အပံ့တည်း၊ ဝိညာဏက္ခန္ဓာကို ပညတ်ရန် နာမ်ရုပ်သည် အကြောင်းတည်း၊ နာမ်ရုပ်သည် အထောက်အပံ့တည်းဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းလှပါပြီ “ဟု ထိုရဟန်းသည်။ပ။ မေးလျှောက်ပြန်၏။

အသျှင်ဘုရား အဘယ်သို့လျှင် သက္ကာယဒိဋ္ဌိ ဖြစ်ပါသနည်းဟု လျှောက်၏။ ရဟန်း ဤလောက၌ အကြားအမြင် မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ မလိမ္မာသော,သူတော် ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟု ရှု၏။ ရုပ်ရှိသော အတ္တဟု၊ အတ္တ၌ ရုပ်ဟု၊ ရုပ်၌ အတ္တဟု ရှု၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟု ရှု၏။

ဝိညာဏ် ရှိသော အတ္တဟု၊ အတ္တ၌ ဝိညာဏ်ဟု၊ ဝိညာဏ်၌ အတ္တဟု ရှု၏။ ရဟန်း ဤသို့လျှင် (သက္ကာယဒိဋ္ဌိ)သည် ဖြစ်၏ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းလှပါပြီ”ဟု ထိုရဟန်းသည်။ပ။ မေးလျှောက်ပြန်၏။

အသျှင်ဘုရား အဘယ်သို့လျှင် သက္ကာယဒိဋ္ဌိ မဖြစ်ပါသနည်းဟု လျှောက်၏။ ရဟန်း ဤလောက၌ အကြားအမြင်ရှိသော, အရိယာတို့ကို ဖူးမြင်ဖူးသော, အရိယာတရား၌ လိမ္မာသော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ လိမ္မာသော, သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟု မရှု။ ရုပ်ရှိသော အတ္တဟု၊ အတ္တ၌ ရုပ်ဟု၊ ရုပ်၌ အတ္တဟု မရှု။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟု မရှု၊ ဝိညာဏ်ရှိသောအတ္တဟု၊ အတ္တ၌ ဝိညာဏ်ဟု၊ ဝိညာဏ်၌ အတ္တဟု မရှု။ ရဟန်း ဤသို့လျှင် (သက္ကာယဒိဋ္ဌိ)သည်မဖြစ်ဟု မိန့်တော်မူ၏။ “အသျှင် ဘုရား ကောင်းလှပါပြီ “ဟု ထိုရဟန်းသည်။ပ။ မေးလျှောက်ပြန်၏။

အသျှင်ဘုရား အဘယ်သည် ရုပ်၏ သာယာဖွယ်ပါနည်း၊ အဘယ်သည် အပြစ်ပါနည်း၊ အဘယ်သည်ထွက်မြောက်မှုပါနည်း၊ အဘယ်သည် ဝေဒနာ၏။ အဘယ်သည် သညာ၏။ အဘယ်သည် သင်္ခါရတို့၏။ အဘယ်သည် ဝိညာဏ်၏ သာယာဖွယ်ပါနည်း၊ အဘယ်သည် အပြစ်ပါနည်း၊ အဘယ်သည်ထွက် မြောက်မှုပါနည်းဟု လျှောက်၏။

ရဟန်း ရုပ်ကို စွဲ၍ ဖြစ်သောကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာ ခြင်းသည် ရုပ်၏ သာယာဖွယ်တည်း။ ရုပ်၏ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောသည် ရုပ်၏ အပြစ်တည်း။ ရုပ်၌ လိုချင် စွဲမက်မှု ‘ဆန္ဒရာဂ’ကို ဖျောက်ခြင်း၊ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ခြင်းသည် (ရုပ်မှ) ထွက်မြောက်မှု တည်း။ ဝေဒနာကို စွဲ၍ ။ သညာကို စွဲ၍ ။ သင်္ခါရတို့ကို စွဲ၍ ။ ဝိညာဏ်ကို စွဲ၍ ဖြစ်သောကိုယ်၏ ချမ်း သာခြင်း၊ စိတ်၏ ချမ်းသာခြင်းသည် ဝိညာဏ်၏ သာယာဖွယ်တည်း။ ဝိညာဏ်၏့မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောသည် ဝိညာဏ်၏ အပြစ်တည်း။ ဝိညာဏ်၌ လိုချင်စွဲမက်မှု’ဆန္ဒရာဂ’ကို ဖျောက် ခြင်း၊ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ခြင်းသည် (ဝိညာဏ်မှ) ထွက်မြောက်မှုတည်းဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းလှပါပြီ “ဟု ထိုရဟန်းသည်မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက်ဝမ်း မြောက်၍ ထို့ထက်အလွန် ပြဿနာကိုမေးလျှောက်ပြန်၏။

မြတ်စွာဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ဤဝိညာဏ်ရှိသောကိုယ်၌လည်းကောင်း၊ အပဖြစ်သော နိမိတ်အားလုံးတို့၌လည်းကောင်း ငါဟု စွဲယူသော ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’ တို့သည် မဖြစ်ပါကုန်သနည်းဟု လျှောက်၏။ ရဟန်း အတိတ် အနာဂတ်ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ် “ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှု၏။

ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သောအဝေး အနီးလည်းဖြစ်သော ဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည်ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ် “ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှု၏။ ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား ဤဝိညာဏ်ရှိသောကိုယ်၌လည်းကောင်း၊ အပဖြစ်သော နိမိတ်အာရုံအားလုံးတို့၌လည်းကောင်း ငါဟု စွဲယူသော ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟုတပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’ တို့သည် မဖြစ်ကုန်ဟု ဟောတော်မူ၏။

ထိုအခါ ရဟန်းတစ်ပါးအား “အချင်းတို့ ဤသို့ ရုပ်သည် အတ္တ မဟုတ်သတတ်၊ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် အတ္တ မဟုတ်သတတ်၊ အတ္တမဟုတ်ဘဲ ပြုအပ်သော အမှုတို့သည် အဘယ်အတ္တသို့ ရောက်နိုင်ကုန်လိမ့်မည်နည်း”ဟု ဤသို့သော စိတ်အကြံ ဖြစ်ပေါ်၏။ ထိုအခါမြတ်စွာဘုရားသည် ထိုရဟန်း၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိတော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏—

“ရဟန်းတို့ ဤလောက၌ မလိမ္မာသော တွေဝေခြင်းသို့ ရောက်သော အချည်းနှီးသော ယောကျာ်းအချို့သည် “အချင်းတို့ ဤသို့ ရုပ်သည် အတ္တ မဟုတ်သတတ်၊ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် အတ္တ မဟုတ်သတတ်၊ အတ္တမဟုတ်ဘဲ ပြုအပ်သော အမှုတို့သည်အဘယ်အတ္တသို့ ရောက်နိုင်ကုန်လိမ့်မည်နည်း”ဟု တဏှာကြီးစိုးနေသော စိတ်ဖြင့် ဘုရားသာသနာကိုကျော်လွန်သင့်သည်ဟု မှတ်ထင်ရာသော အကြောင်းသည် ရှိ၏၊ ရဟန်းတို့ ငါသည် ထိုထိုအရာထိုထိုတရားတို့၌ တစ်ဖန် မေးခြင်းဖြင့် သင်တို့ကို ဆုံးမခဲ့ကုန်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း။ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ ကိုယ်’အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ထိုသို့ဖြစ်သောကြောင့်။ပ။ ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ “ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ခဇ္ဇနီယဝဂ် ပြီး၏။