သံယုတ္တနိကာယ်—၂၂

(၉) ၄—ထေရဝဂ်

၁—အာနန္ဒသုတ်

၈၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည် “ငါ့သျှင် ရဟန်းတို့”ဟု ရဟန်းတို့ကို ခေါ်၏။

“ငါ့သျှင် “ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ကြကုန်၏။ အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏—

ငါ့သျှင်တို့ မန္တာဏီပုဏ္ဏေးမ၏ သား ပုဏ္ဏမည်သော အသျှင်သည် သီတင်းငယ်ဖြစ်ကြသော ငါတို့ အားကျေးဇူးများလှ၏၊ ထိုအသျှင်သည် ငါတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၏။ “ငါ့သျှင်အာနန္ဒာ အစွဲပြု၍ သာလျှင် ‘ငါ ဖြစ်၏ ‘ဟူသော ပပဉ္စတရားသုံးပါး ဖြစ်၏၊ အစွဲ မပြုမူ၍ မဖြစ်။ အဘယ်ကို အစွဲပြု၍ သာလျှင် ‘ငါ ဖြစ်၏’ဟူသော ပပဉ္စတရား ဖြစ်သနည်း၊ အစွဲ မပြုမူ၍ ကား မဖြစ်သနည်း။ ရုပ်ကို အစွဲပြု၍ ‘ငါ ဖြစ်၏’ ဟူသော ပပဉ္စတရား ဖြစ်၏၊ အစွဲ မပြုမူ၍ မဖြစ်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဉ်ကို အစွဲပြု၍ သာလျှင် ‘ငါ ဖြစ်၏ ‘ ဟူသော ပပဉ္စတရား ဖြစ်၏၊ အစွဲ မပြုမူ၍ ကား မဖြစ်။

ငါ့သျှင်အာနန္ဒာ ဥပမာသော်ကား တန်ဆာဆင်ခြင်းသဘောရှိသော ငယ်ရွယ်ပျိုနုသော မိန်းမသော်လည်းကောင်း၊ ယောကျာ်းသော်လည်းကောင်း စင်ကြယ်တောက်ပသော မှန်၌ ဖြစ်စေ၊ ကြည်လင်သောရေခွက်၌ ဖြစ်စေ မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော် (မှန်ကို ရေခွက်ကို) အစွဲပြု၍ သာ မြင်ရာ၏၊ (မှန်ကို ရေခွက်ကို) အစွဲမပြု မူ၍ ကား မမြင်ရာ။ ငါ့သျှင်အာနန္ဒာ ဤအတူပင် ရုပ်ကို အစွဲပြု၍ သာ ‘ငါဖြစ်၏ ‘ ဟူသော ပပဉ္စတရား ဖြစ်၏၊ အစွဲ မပြုမူ၍ ကား မဖြစ်။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အစွဲပြု၍ သာ ‘ငါ ဖြစ်၏ ‘ ဟူသော ပပဉ္စတရား ဖြစ်၏၊ အစွဲ မပြုမူ၍ ကား မဖြစ်။

ငါ့သျှင်အာနန္ဒာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါငါ့သျှင် ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါငါ့သျှင်။ ထိုသို့ ဖြစ်သောကြောင့်။ပ။ ဤသို့ ရှုသော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ်မရှိပြီဟု သိ၏”ဟု ဆုံးမ၏။ ငါ့သျှင်တို့ မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်သော ပုဏ္ဏမည်သော အသျှင်သည်သီတင်းငယ်ဖြစ်ကြသော ငါတို့အား ကျေးဇူးများလှ၏၊ ထိုအသျှင်သည် ငါတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၏။ မန္တာဏီပုဏ္ဏေးမ၏ သား အသျှင်ပုဏ္ဏ၏ ဤတရားဒေသနာကို ကြားနာရ၍ ငါသည် တရားကို သိရ၏ဟု (မိန့်ဆို၏)။

ပဌမသုတ်။