သံယုတ္တနိကာယ်—၂၂

(၉) ၄—ထေရဝဂ်

၂—တိဿသုတ်

၈၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရား၏ ဘထွေးတော် သားဖြစ်သော အသျှင်တိဿသည်များစွာသော ရဟန်းတို့ကို ဤသို့ ပြောကြား၏—“ငါ့သျှင်တို့ ငါ၏ ကိုယ်သည် စင်စစ် လေးလံသကဲ့သို့ဖြစ်၏၊ ငါ့အား အရပ်မျက်နှာတို့သည်လည်း မထင်ကုန်၊ ငါ့အား တရားတို့သည်လည်း မထင်ကုန်၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’သည်လည်း ငါ၏ စိတ်ကို သိမ်းကျုံးလျက် တည်၏၊ မပျော်မွေ့ဘဲလျက် အကျင့်မြတ်ကိုကျင့်ရ၏၊ ငါ့အား တရားတို့၌ ယုံမှားမှုသည်လည်း ဖြစ်၏”ဟု ပြောဆို၏။

ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ကုန်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏—“အသျှင်ဘုရားမြတ်စွာဘုရား၏ ဘထွေးတော် သားဖြစ်သော အသျှင်တိဿသည် များစွာသော ရဟန်းတို့ကို ‘ငါ့သျှင်တို့ငါ၏ ကိုယ်သည် စင်စစ် လေးလံသကဲ့သို့ ဖြစ်၏၊ ငါ့အား အရပ်မျက်နှာတို့သည်လည်း မထင်ကုန်၊ ငါ့အား တရားတို့သည်လည်း မထင်ကုန်၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’သည်လည်း ငါ၏ စိတ်ကိုသိမ်းကျုံးလျက် တည်၏၊ မပျော်မွေ့ ဘဲလျက် အကျင့်မြတ်ကို ကျင့်ရ၏၊ ငါ့အား တရားတို့၌ ယုံမှားမှုသည်လည်း ဖြစ်၏ ‘ဟု ပြောကြားပါ၏”ဟု လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း သွားလော့၊ သင်သည် ငါ့စကားဖြင့်ရဟန်းတိဿကို ခေါ်ခဲ့လော့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းသည်မြတ်စွာ ဘုရားအား ဝန်ခံ၍ အသျှင်တိဿထံသို့ ချဉ်းကပ်လျက် “ငါ့သျှင်တိဿ သင့်ကို မြတ်စွာဘုရားခေါ်တော်မူသည်”ဟု ပြော၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်တိဿသည် ထိုရဟန်းအား ဝန်ခံ၍ မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်တိဿ အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ “တိဿ သင်သည်များစွာသော ရဟန်းတို့ကို ‘ငါ့သျှင်တို့ ငါ၏ ကိုယ်သည် စင်စစ် လေးလံသကဲ့သို့ ဖြစ်၏။ပ။ ငါ့အားတရားတို့၌ ယုံမှားမှုသည်လည်း ရှိ၏ ‘ဟု ဤသို့ ပြောသည်မှာ မှန်သလော”ဟု (မိန့်တော်မူ၏)။

မှန်ပါ၏ အသျှင်ဘုရားဟု လျှောက်၏။

တိဿ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ရုပ်၌ စွဲမက်မှု မကင်းသူ၊ လိုချင်မှု မကင်းသူ၊ ခင်တွယ်မှု မကင်းသူ၊ မွတ်သိပ်မှု မကင်းသူ၊ ပူလောင်မှု မကင်းသူ၊ တဏှာ မကင်းသူအား ထိုရုပ်၏ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်သည် မဟုတ်ပါလောဟု မိန့်တော်မူ၏။ မှန်ပါ၏ အသျှင်ဘုရားဟု လျှောက်၏။

တိဿ ကောင်းပေစွ ကောင်းပေစွ၊ ရုပ်၌ စွဲမက်မှု မကင်းသူအား ဖြစ်ရမြဲအတိုင်း ဤသို့သာ ဖြစ်၏။

ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ စွဲမက်မှု မကင်းသူအား။ပ။ ထိုသင်္ခါရတို့၏ ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည်ဖြစ်ကုန်သည် မဟုတ်လောဟု မိန့်တော်မူ၏။ ဖြစ်ပါ၏ အသျှင်ဘုရားဟု လျှောက်၏။

တိဿ ကောင်းပေစွ ကောင်းပေစွ၊ သင်္ခါရတို့၌ စွဲမက်မှု မကင်းသူအား ဖြစ်ရမြဲအတိုင်း ဤသို့သာဖြစ်၏။ ဝိညာဏ်၌ စွဲမက်မှု မကင်းသူ၊ လိုချင်မှု မကင်းသူ၊ ခင်တွယ်မှု မကင်းသူ၊ မွတ်သိပ်မှု မကင်းသူ၊ ပူလောင်မှု မကင်းသူ၊ တဏှာ မကင်းသူအား ထိုဝိညာဏ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်သည် မဟုတ်လောဟု မိန့်တော်မူ၏။ ဖြစ်ပါ၏ အသျှင်ဘုရားဟု လျှောက်၏။

တိဿ ကောင်းပေစွ ကောင်းပေစွ၊ ဝိညာဏ်၌ စွဲမက်မှု မကင်းသူအား ဖြစ်ရမြဲအတိုင်း ဤသို့သာဖြစ်၏။ တိဿ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်၌ စွဲမက်မှု ကင်းသူ၊ လိုချင်မှု ကင်းသူ၊ ခင်တွယ်မှု ကင်းသူ၊ မွတ်သိပ်မှု ကင်းသူ၊ ပူလောင်မှု ကင်းသူ၊ တဏှာ ကင်းသူအား ထိုရုပ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်သလောဟု မိန့်တော်မူ၏။ မဖြစ်ပါ အသျှင်ဘုရားဟု လျှောက်၏။ တိဿ ကောင်းပေစွကောင်းပေစွ၊ ရုပ်၌ စွဲမက်မှု ကင်းသူအား ဖြစ်ရမြဲအတိုင်း ဤသို့သာ ဖြစ်၏။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ စွဲမက်မှု ကင်းသူအား။ ဝိညာဏ်၌ စွဲမက်မှု ကင်းသူ၊ လိုချင်မှု ကင်းသူ၊ ခင်တွယ်မှုကင်းသူ၊ မွတ်သိပ်မှု ကင်းသူ၊ ပူလောင်မှု ကင်းသူ၊ တဏှာ ကင်းသူအား ထိုဝိညာဏ်၏ ဖောက်ပြန်ခြင်းတစ်မျိုး တစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ် ကုန်သလောဟု မိန့်တော်မူ၏။ မဖြစ်ပါ အသျှင်ဘုရား။

တိဿ ကောင်းပေစွ ကောင်းပေစွ၊ ဝိညာဏ်၌ စွဲမက်မှု ကင်းသူအား ဖြစ်ရမြဲအတိုင်း ဤသို့သာဖြစ်၏။ တိဿ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ ထိုသို့ ဖြစ်သောကြောင့်။ပ။ ဤသို့ ရှုသော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏။

တိဿ ဥပမာသော်ကား ယောကျာ်းနှစ်ယောက်တို့ ရှိရာ တစ်ယောက်ကား လမ်း၌ မကျွမ်းကျင်၊ ့တစ်ယောက်ကား လမ်း၌ ကျွမ်းကျင်၏၊ လမ်း၌ မကျွမ်းကျင်သော ယောကျာ်းသည် ထိုလမ်း၌ ကျွမ်းကျင် သော ယောကျာ်းအား လမ်းကို မေးရာ၏။ ထိုလမ်း၌ ကျွမ်းကျင်သူသည် ဤသို့ ပြောရာ၏—“အိုယောကျာ်း လာခဲ့လော့၊ ဤကား လမ်းတည်း၊ ထိုလမ်းဖြင့် အနည်းငယ် သွားလော့၊ တစ်ခဏမျှသွားမိလျှင် လမ်းနှစ်ခွကို တွေ့ရလိမ့်မည်၊ လမ်းနှစ်ခွတွင် လက်ဝဲလမ်းကို လွှတ်၍ လက်ယာလမ်းကို ယူလော့၊ ထိုလက်ယာလမ်းဖြင့် တစ်ခဏမျှ သွားလော့၊ တစ်ခဏမျှ သွားမိလျှင် ထူထပ်သော တောအုပ်ကိုတွေ့ရလိမ့်မည်၊ ထိုတောအုပ်ဖြင့် တစ်ခဏမျှ သွားလော့၊ တစ်ခဏမျှ သွားမိလျှင် နိမ့်ဝှမ်းသော ညွန်ပြင်ကြီးကို တွေ့ရလိမ့်မည်၊ ထိုညွန်ပြင်ကြီးဖြင့် တစ်ခဏမျှ သွားလော့၊ တစ်ခဏမျှ သွားမိလျှင် အိုင်နှင့်ကမ်းပါးစောက်ကို တွေ့ရလိမ့်မည်၊ ထိုအိုင်နှင့် ကမ်းပါးစောက်ဖြင့် တစ်ခဏမျှ သွားလော့၊ တစ်ခဏမျှသွားမိလျှင် မွေ့လျော်ဖွယ်ရှိသော မြေညီကို တွေ့ရလိမ့်မည်”ဟု (ပြောရာ၏)။

တိဿ အနက်အဓိပ္ပါယ်သိစေရန် ဤဥပမာကို ငါ ပြု၏၊ ဤအရာ၌ ဤသည်လျှင် အနက်အဓိပ္ပါယ်တည်း။ တိဿ “လမ်း၌ မကျွမ်းကျင်သော ယောကျာ်း”ဟူသည် ပုထုဇဉ်၏ အမည်တည်း၊ “လမ်း၌ ကျွမ်းကျင်သော ယောကျာ်း ဟူသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရား၏ အမည်တည်း၊ “လမ်းနှစ်ခွ” ဟူသော အမည်သည် ယုံမှားမှု’ဝိစိကိစ္ဆာ’၏ အမည်တည်း၊ “လက်ဝဲလမ်း”ဟူသော အမည်သည် မှားသော မြင်ခြင်း။ပ။ မှားသောတည် ကြည်ခြင်းဟူသော အင်္ဂါရှစ်မျိုးရှိသော လမ်းမှား၏ အမည်တည်း၊ “လက်ယာလမ်း” ဟူသောအမည်သည် မှန်ကန်သော မြင်ခြင်း။ပ။ မှန်ကန်သော တည်ကြည်ခြင်းဟူသော အင်္ဂါရှစ်မျိုးရှိသောအရိယာမဂ်၏ အမည် တည်း၊ “ထူထပ်သော တောအုပ်” ဟူသော အမည်သည် ဖုံးလွှမ်းမှု ‘အဝိဇ္ဇာ’၏အမည်တည်း၊ “နိမ့်ဝှမ်း သော ညွန်ပြင်ကြီး”ဟူသော အမည်သည် ကာမဂုဏ်တို့၏ အမည်တည်း၊ “အိုင်နှင့် ကမ်းပါးစောက်” ဟူသော အမည်သည် အမျက်ထွက်ခြင်း၊ ပြင်းစွာ ပင်ပန်းခြင်း၏အမည်တည်း၊ “မွေ့လျော်ဖွယ်ရှိသော မြေညီ” ဟူသော အမည်သည် နိဗ္ဗာန်၏ အမည်တည်း။

တိဿ မွေ့လျော်ပါလော ့၊ တိဿ မွေ့လျော်ပါလော ့၊ ငါသည် အဆုံးအမဖြင့် ဆုံးမ၏၊ ငါသည်အနုဂ္ဂဟနှစ်ပါးဖြင့် ချီးမြှောက်၏၊ ငါသည် ကံမြစ်ခြင်းဖြင့် ကံမြစ်၏ဟု မိန့်တော်မူ၏။ အသျှင်တိဿသည်မြတ်စွာဘုရား၏ စကားတော်ကို နှစ်သက်ဝမ်းမြောက်လေပြီ။

ဒုတိယသုတ်။