သံယုတ္တနိကာယ်—၂၂

(၉) ၄—ထေရဝဂ်

၃—ယမကသုတ်

၈၅။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ယမကမည်သော ရဟန်းအား ဤသို့သဘောရှိသော ယုတ်မာသော အယူသည် ဖြစ်ပေါ်၏—“အာသဝေါကုန်ပြီးသော ရဟန်းသည် ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့် ပြတ်၏၊ ပျောက်၏၊ သေသည်မှ နောက်၌ မဖြစ်၊ ထိုသို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရား ဟောတော်မူသော တရားကို ငါ သိ၏ “ဟု ယုတ်မာသော အယူ ဖြစ်ပေါ်၏။

များစွာသော ရဟန်းတို့သည် “ယမကမည်သော ရဟန်းအား အာသဝေါကုန်ပြီးသော ရဟန်းသည်ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့် ပြတ်၏၊ ပျောက်၏၊ သေသည်မှ နောက်၌ မဖြစ်၊ ထိုသို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရား ဟောတော်မူသော တရားကို ငါ သိ၏ဟု ဤသို့သဘောရှိသော ယုတ်မာသော အယူသည် ဖြစ်ပေါ်၏ “ဟု ကြားကြကုန်၏။ ထိုအခါ ရဟန်းတို့သည် အသျှင်ယမကထံသို့ ချဉ်းကပ်၍ အသျှင်ယမကနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ်နှစ်လိုဖွယ် စကားကို ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်လျက် ဤစကားကို ပြောဆိုကြကုန်၏—

“ငါ့သျှင်ယမက သင့်အား အာသဝေါကုန်ပြီးသော ရဟန်းသည် ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့် ပြတ်၏၊ ပျောက်၏၊ သေသည်မှ နောက်၌ မဖြစ်ဟု ထိုသို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရား ဟောတော်မူသော တရားကို ငါ သိ၏”ဟု ဤသို့သဘောရှိသော ယုတ်မာသော အယူ ဖြစ်ပေါ်သည်ဆိုသည်မှာ မှန်သလောဟု မေးမြန်းကြကုန်၏။ ငါ့သျှင်တို့ မှန်၏၊ အာသဝေါကုန်ပြီးသော ရဟန်းသည်ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့် ပြတ်၏၊ ပျောက်၏၊ သေသည်မှ နောက်၌ မဖြစ်ဟု ဤသို့သောအခြင်းအရာအားဖြင့် မြတ်စွာဘုရား ဟောတော်မူသော တရားကို ငါ သိပါ၏ဟု (ပြောဆို၏)။

ငါ့သျှင်ယမက ဤသို့ မပြောပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည်မကောင်းပါ၊ မြတ်စွာဘုရားသည် “အာသဝေါကုန်ပြီးသော ရဟန်းသည် ခန္ဓာကိုယ် ပျက်စီးခြင်း ကြောင့်ပြတ်၏၊ ပျောက်၏၊ သေသည်မှ နောက်၌ မဖြစ်”ဟု ဤသို့ မဟောတန်ရာဟု ပြောဆိုကြကုန်၏။

အသျှင်ယမကသည် ဤသို့ပင် ထိုရဟန်းများက ပြောဆိုကြသော်လည်း “အာသဝေါကုန်ပြီးသော ရဟန်းသည် ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့် ပြတ်၏၊ ပျောက်၏၊ သေသည်မှ နောက်၌ မဖြစ်ဟု ထိုသို့သောအခြင်းအရာအားဖြင့် မြတ်စွာဘုရား ဟောတော်မူသော တရားကို ငါ သိ၏”ဟု ထိုအတိုင်းသာထိုယုတ်မာ သော အယူကို အခိုင်အမာအားဖြင့် အမှားသုံးသပ်သောအားဖြင့် နှလုံးသွင်း၍ ပြောဆို၏။

ယင်းအကြောင်း ကြောင့် ထိုရဟန်းတို့သည် အသျှင်ယမကကို ထိုသို့ ယုတ်မာသော အယူမှကင်းလွတ်စေရန် မစွမ်းနိုင် ကုန်။ ထိုအခါ ထိုရဟန်းတို့သည် နေရာမှ ထ၍ အသျှင်သာရိပုတြာထံသို့ချဉ်းကပ်ပြီးလျှင် အသျှင်သာရိ ပုတြာအား ဤစကားကို လျှောက်ကုန်၏—“ငါ့သျှင်သာရိပုတြာယမကမည်သော ရဟန်းအား အာသဝေါ ကုန်ပြီးသော ရဟန်းသည် ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့်ပြတ်၏၊ ပျောက်၏၊ သေသည်မှ နောက်၌ မဖြစ်ဟု ထိုသို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောတော်မူသော တရားကို ငါ သိ၏ဟု ဤသို့ သဘောရှိသော ယုတ်မာသော အယူသည် ဖြစ်ပေါ်၏။

တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာသည် သနားသည်ကို အကြောင်းပြု၍ ယမကရဟန်းထံသို့ချဉ်းကပ်ပါလော့”ဟု လျှောက်ကုန်၏။ အသျှင်သာရိပုတြာသည် ဆိတ်ဆိတ် နေခြင်းဖြင့်လက်ခံတော်မူ၏။ ထို့နောက် အသျှင်သာရိပုတြာသည် ညချမ်းအခါ တစ်ပါး တည်း ကိန်းအောင်းရာမှထ၍ အသျှင်ယမကထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ယမကနှင့် အတူ ဝမ်းမြောက် ဝမ်းသာနှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် နှစ်လိုဖွယ်သော စကားကို ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်ကာ အသျှင်ယမကအား ဤစကားကို ပြောဆိုမေးမြန်း၏—

“ငါ့သျှင်ယမက သင့်အား အာသဝေါကုန်ပြီးသော ရဟန်းသည် ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့် ပြတ်၏၊ ပျောက်၏၊ သေသည်မှ နောက်၌ မဖြစ်ဟု ထိုသို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရားအား ဟောတော်မူသော တရားကို ငါ သိ၏”ဟု ဤသို့ သဘောရှိသော ယုတ်မာသော အယူဖြစ်ပေါ်သည်ဆိုသည်မှာ မှန်သလောဟု မေးတော်မူ၏။ ငါ့သျှင် မှန်ပါ၏၊ အာသဝေါကုန်ပြီးသောရဟန်းသည် ကိုယ်ခန္ဓာ ပျက်စီး ခြင်းကြောင့် ပြတ်၏၊ ပျောက်၏၊ သေသည်မှ နောက်၌ မဖြစ်ဟု ဤသို့သော အခြင်းအရာအားဖြင့် မြတ်စွာ ဘုရား ဟောတော်မူသော တရားကို ငါ သိပါ၏ဟု ဆို၏။

ငါ့သျှင်ယမက ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါငါ့သျှင်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါငါ့သျှင်။ ငါ့သျှင်ယမက ထို့ကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သောအကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည်ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဤသို့ ရှုသောအကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့ ၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ “လွတ်မြောက်သော်လွတ်မြောက်ပြီ “ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။

ငါ့သျှင်ယမက ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်ကို “သတ္တဝါ”ဟု ရှုသလော။ မရှုပါငါ့သျှင်။ ဝေဒနာကို “သတ္တဝါ”ဟု ရှုသလော။ မရှုပါ ငါ့သျှင်။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို”သတ္တဝါ”ဟု ရှုသလော။ မရှုပါ ငါ့သျှင်။ ငါ့သျှင်ယမက ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်၌ “သတ္တဝါ”ဟု ရှုသလော။ မရှုပါ ငါ့သျှင်။ ရုပ်မှ တခြား၌ ‘သတ္တဝါ’ဟု ရှုသလော။ မရှုပါ ငါ့သျှင်။ ဝေဒနာ၌ ။ ဝေဒနာမှ တခြား၌ ။ သညာ၌ ။ သညာမှ တခြား၌ ။ သင်္ခါရတို့၌ ။ သင်္ခါရတို့မှ တခြား၌ ။ ဝိညာဏ်၌ “သတ္တဝါ”ဟု ရှုသလော။ မရှုပါ ငါ့သျှင်။ ဝိညာဏ်မှ တခြား၌ “သတ္တဝါ”ဟု ရှုသလော။ မရှုပါ ငါ့သျှင်။ ငါ့သျှင်ယမက ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်ကို။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို “သတ္တဝါ”ဟု ရှုသလော။ မရှုပါ ငါ့သျှင်။ ငါ့သျှင်ယမက ထိုအရာကိုအဘယ်သို့ မှတ်ထင်သနည်း၊ ဤသတ္တဝါသည် ရုပ်မရှိ၊ ဝေဒနာမရှိ၊ သညာမရှိ၊ သင်္ခါရမရှိ၊ ဝိညာဏ်မရှိဟုရှုသလော။ မရှုပါ ငါ့သျှင်။

ငါ့သျှင်ယမက သင်သည် ဤမျက်မှောက်ဘဝ၌ ပင် အမှန်အားဖြင့် အဟုတ်အားဖြင့် သတ္တဝါဟု မရအပ်ပါဘဲလျက် “အာသဝေါကုန်ပြီးသော ရဟန်းသည် ခန္ဓာကိုယ် ပျက်စီးခြင်းကြောင့် ပြတ်၏၊ ပျောက်၏၊ သေသည်မှ နောက်၌ မဖြစ်ဟု ထိုသို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရား ဟောတော်မူသောတရား ကို ငါ သိ၏”ဟု ပြောခြင်းသည် သင့်လျော်ပါမည်လော။

ငါ့သျှင်သာရိပုတြာ တရားမနာရမီ ရှေးအခါက မသိသည်ဖြစ်၍ ငါ့အား ထိုယုတ်မာသော အယူသည်ဖြစ်ခဲ့ပါ၏၊ အသျှင်သာရိပုတြာ၏ ဤတရားဒေသနာကို ကြားနာရသောကြောင့် ထိုယုတ်မာသောအယူသည် ပျောက်ပါပြီ၊ အကျွန်ုပ်သည် တရားကိုလည်း ထိုးထွင်း၍ သိပါပြီဟု (လျှောက်၏)။

ငါ့သျှင်ယမက “အာသဝေါကုန်ပြီးသော ရဟန္တာရဟန်းသည် ခန္ဓာကိုယ် ပျက်စီး၍ သေသည်မှ နောက်၌ အဘယ်သို့ ဖြစ်သနည်း”ဟု သင့်ကို အကယ်၍ မေးကြလျှင် ဤသို့ အမေးခံရသော သင်သည်အဘယ်သို့ ဖြေမည်နည်းဟု မိန့်တော်မူ၏။ ငါ့သျှင် ငါ့ကို “ငါ့သျှင်ယမက အာသဝေါကုန်ပြီးသောရဟန္တာ ရဟန်းသည် ခန္ဓာကိုယ် ပျက်စီး၍ သေသည်မှ နောက်၌ အဘယ်သို့ ဖြစ်သနည်း”ဟု အကယ်၍ မေးကြ လျှင် ဤသို့ အမေးခံရသော ငါသည် ဤသို့ ဖြေပါအံ့— ငါ့သျှင်တို့ ရုပ်သည် မမြဲ၊ မမြဲသောရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည် ချုပ်၏၊ ပျောက်၏။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲ၊ မမြဲသော ဝိညာဏ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ဝိညာဏ်သည်ချုပ်၏၊ ပျောက်၏။ ငါ့သျှင် ဤသို့ အမေးခံရသော ငါသည် ဤသို့ ဖြေပါအံ့ဟု (လျှောက်၏)။

ငါ့သျှင်ယမက ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ယမက ထိုသို့ဖြစ်သောကြောင့် ဤအနက်သဘောကိုပင် အတိုင်းထက်လွန်သော ဉာဏ်အလို့ငှါ သင့်အား ဥပမာ ပြုဦးမည်။ ငါ့သျှင်ယမကဥပမာသော်ကား သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ကြွယ်ဝ၏၊ ဥစ္စာများ၏၊ စည်းစိမ်များ၏၊ (အတွင်း အပ) အစောင့်အရှောက်နှင့်လည်း ပြည့်စုံ၏။ ထိုသူအား အကျိုးမဲ့ကိုလိုလားသော စီးပွါးမဲ့ကို လိုလားသော ဘေးမကင်းမှုကို လိုလားသော သတ်လိုသောယောကျာ်းတစ်ယောက် ဖြစ်ပေါ်ရာ၏။ ထိုသူ အား “ ဤသူကြွယ်သည်လည်းကောင်း၊ ့သူကြွယ်သားသည်လည်းကောင်း ကြွယ်ဝ၏၊ ဥစ္စာများ၏၊ စည်းစိမ် များ၏၊ (အတွင်းအပ) အစောင့်အရှောက်နှင့်လည်း ပြည့်စုံ၏။ ဤသူကို နိုင်ထက်စီးနင်းသတ်ရန် မလွယ် ကူလှ၊ ငါသည်အတွင်းသို့ ဝင်၍ သတ်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုသူသည် ထိုသူကြွယ်သို့လည်းကောင်း၊ သူကြွယ်သားသို့လည်းကောင်း ချဉ်းကပ်၍ “အသျှင် အသျှင့်ကို ခစားလုပ်ကျွေးပါရစေ”ဟု ပြောဆိုရာ၏။

ထိုသူကို ထိုသူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ခစားလုပ်ကျွေး စေရာ၏၊ ထိုသူသည် ရှေးဦးစွာ ထလျက် နောက်မှ အိပ်လျက် အဘယ်ကို ပြုရမည်နည်းဟု နာခံလျက်စိတ်တိုင်းကျ ပြုမူလျက် ချစ်ဖွယ်ရာကို ပြောလျက် ခစားလုပ်ကျွေးရာ၏၊ ထိုသူ့ကို ထိုသူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း အဆွေခင်ပွန်းအဖြစ်အားဖြင့်လည်း ယုံကြည်ရာ၏၊ စိတ်ကောင်း ရှိသူအဖြစ်အားဖြင့်လည်း ယုံကြည်ရာ၏၊ ထိုသူ၌လည်း အကျွမ်းဝင်ခြင်းသို့ ရောက်ရာ၏။

ငါ့သျှင် ထို ယောကျာ်းသည် “ ဤသူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ငါနှင့်အကျွမ်းဝင်ပြီ”ဟု ဤသို့ အထင်ဖြစ်သော အခါ ထိုသူကြွယ် သို့မဟုတ် သူကြွယ်သား ဆိတ်ကွယ်ရာရောက်နေသည်ကို သိလျှင် ထက်လှစွာသော ဓားဖြင့် သတ်ရာ၏။

ငါ့သျှင်ယမက ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ထိုယောကျာ်းသည် ဤသူကြွယ်သို့လည်းကောင်း၊ သူကြွယ်သားသို့လည်းကောင်း ချဉ်းကပ်၍ “အသျှင် အသျှင့်ကို ခစားပါရစေ”ဟု ဤသို့ ပြောသောအခါ၌လည်း ထိုသူသည် သူသတ်သမားပင် ဖြစ်၏၊ သူသတ်သမား ဖြစ်လျက်လည်း “ငါ့ကို သတ်မည့်သူ”ဟု မသိသည် မဟုတ်ပါလော၊ ရှေးဦးစွာ ထလျက် နောက်မှ အိပ်လျက် အဘယ်ကို ပြုရမည်နည်းဟု နာခံလျက် စိတ်တိုင်းကျ ပြုမူလျက် ချစ်ဖွယ်ရာကို ပြောလျက် ခစားသော အခါ၌လည်း ထိုသူသည် သူသတ်သမားပင် ဖြစ်၏၊ သူသတ်သမား ဖြစ်လျက်လည်း “ငါ့ကို သတ်မည့်သူ”ဟု မသိသည်မဟုတ်ပါလော၊ ဆိတ်ကွယ်ရာသို့ ရောက်နေသည်ကို သိလျှင် ထက်လှသော ဓားဖြင့် သတ်သော အခါ၌လည်း ထိုသူသည် သူသတ်သမားပင် ဖြစ်၏၊ သူသတ်သမား ဖြစ်လျက်လည်း “ငါ့ကို သတ်မည့်သူ”ဟုမသိသည် မဟုတ်ပါလောဟု မိန့်တော်မူ၏။ ငါ့သျှင်ဟုတ်ပါ၏၊ ငါ့သျှင် ဤအတူပင်အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ မလိမ္မာသော,သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။ ရုပ်ရှိသောအတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်းကောင်း၊ ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏။

ထိုသူသည် မမြဲသော ရုပ်ကို “မမြဲသော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ မမြဲသော ဝေဒနာကို”မမြဲသော ဝေဒနာ”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ မမြဲသော သညာကို “မမြဲသော သညာ”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ မမြဲသော သင်္ခါရတို့ကို “မမြဲသော သင်္ခါရတို့”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ မမြဲသောဝိညာဏ်ကို “မမြဲသော ဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ မသိ။

ဆင်းရဲသော ရုပ်ကို “ဆင်းရဲသော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ဆင်းရဲသော ဝေဒနာကို”ဆင်းရဲသော ဝေဒနာ”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ဆင်းရဲသော သညာကို။ ဆင်းရဲသော သင်္ခါရတို့ကို။ ဆင်းရဲသော ဝိညာဏ်ကို “ဆင်းရဲသော ဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ မသိ။

ကိုယ် ‘အတ္တ’ မဟုတ်သော ရုပ်ကို “ကိုယ် ‘အတ္တ’ မဟုတ်သော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ကိုယ် ‘အတ္တ’ မဟုတ်သော ဝေဒနာကို။ ကိုယ် ‘အတ္တ’ မဟုတ်သော သညာကို။ ကိုယ် ‘အတ္တ’မဟုတ်သော သင်္ခါရတို့ကို။ ကိုယ်’အတ္တ’ မဟုတ်သော ဝိညာဏ်ကို “ကိုယ်’အတ္တ’ မဟုတ်သောဝိညာဏ်”ဟုဟုတ်တိုင်း မှန်စွာ မသိ။

ပြုပြင်အပ်သော ရုပ်ကို “ပြုပြင်အပ်သော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ပြုပြင်အပ်သောဝေဒနာကို။ ပြုပြင်အပ်သော သညာကို။ ပြုပြင်အပ်သော သင်္ခါရတို့ကို။ ပြုပြင်အပ်သော ဝိညာဏ်ကို”ပြုပြင်အပ်သော ဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ မသိ။

သူသတ်သမားဖြစ်သော ရုပ်ကို “သူသတ်သမားဖြစ်သော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ သူသတ်သမားဖြစ်သော ဝေဒနာကို။ သူသတ်သမားဖြစ်သော သညာကို။ သူသတ်သမားဖြစ်သော သင်္ခါရတို့ကို။ သူသတ်သမားဖြစ်သော ဝိညာဏ်ကို “သူသတ်သမားဖြစ်သော ဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ မသိ။

ထိုသူသည် ရုပ်ကို ငါ၏ ကိုယ် ‘အတ္တ’ဟု ကပ်ရောက်၏၊ စွဲယူ၏၊ ဆောက်တည်၏၊ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ငါ၏ ကိုယ် ‘အတ္တ’ဟု ကပ်ရောက်၏၊ စွဲယူ၏၊ ဆောက်တည်၏၊ ကပ်ရောက်စွဲယူအပ်ကုန်သော ဤဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထိုသူအား ကြာမြင့်စွာ စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏။

ငါ့သျှင် အကြားအမြင်ရှိသော အရိယာတို့ကို ဖူးမြင်ဖူးသော အရိယာတရား၌ လိမ္မာသော အရိယာတရား၌ ယဉ်ကျေးသော။ပ။ သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟူ၍ မရှု။ ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်းကောင်း၊ ရုပ်၌ အတ္တဟုလည်းကောင်းမရှု။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍ မရှု။ ဝိညာဏ်ရှိသောအတ္တဟုလည်း ကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ်၌ အတ္တဟုလည်းကောင်း မရှု။

ထိုအရိယာတပည့်သည် မမြဲသော ရုပ်ကို “မမြဲသော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ မမြဲသောဝေဒနာကို။ မမြဲသော သညာကို။ မမြဲသော သင်္ခါရတို့ကို။ မမြဲသော ဝိညာဏ်ကို “မမြဲသောဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ဆင်းရဲသော ရုပ်ကို “ဆင်းရဲသော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဆင်းရဲသော ဝေဒနာကို။ ဆင်းရဲသော သညာကို။ ဆင်းရဲသော သင်္ခါရတို့ကို။ ဆင်းရဲသော ဝိညာဏ်ကို “ဆင်းရဲသော ဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ကိုယ် ‘အတ္တ’ မဟုတ်သော ရုပ်ကို “ကိုယ် ‘အတ္တ’ မဟုတ်သော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ကိုယ် ‘အတ္တ’ မဟုတ်သော ဝေဒနာကို။ ကိုယ် ‘အတ္တ’ မဟုတ်သော သညာကို။ ကိုယ် ‘အတ္တ’မဟုတ်သော သင်္ခါရတို့ကို။ ကိုယ်’အတ္တ’ မဟုတ်သော ဝိညာဏ်ကို “ကိုယ်’အတ္တ’ မဟုတ်သောဝိညာဏ်”ဟုဟုတ်တိုင်း မှန်စွာ သိ၏။

ပြုပြင်အပ်သော ရုပ်ကို “ပြုပြင်အပ်သော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ပြုပြင်အပ်သောဝေဒနာကို။ ပြုပြင်အပ်သော သညာကို။ ပြုပြင်အပ်သော သင်္ခါရတို့ကို။ ပြုပြင်အပ်သော ဝိညာဏ်ကို”ပြုပြင်အပ်သော ဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

သူသတ်သမားဖြစ်သော ရုပ်ကို “သူသတ်သမားဖြစ်သော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ သူသတ်သမားဖြစ်သော ဝေဒနာကို။ သူသတ်သမားဖြစ်သော သညာကို။ သူသတ်သမားဖြစ်သော သင်္ခါရတို့ကို”သူသတ်သမားဖြစ်သော သင်္ခါရတို့ “ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ သူသတ်သမားဖြစ်သော ဝိညာဏ်ကို”သူသတ်သမားဖြစ်သော ဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ထိုသူသည် ရုပ်ကို ငါ၏ ကိုယ် ‘အတ္တ’ဟု မကပ်ရောက်၊ မစွဲယူ၊ မဆောက်တည်၊ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ငါ၏ ကိုယ် ‘အတ္တ’ဟု မကပ်ရောက်၊ မစွဲယူ၊ မဆောက်တည်၊ မကပ်ရောက် မစွဲယူအပ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထိုသူအား ကြာမြင့်စွာ စီးပွါးဖြစ်ခြင်းငှါချမ်းသာခြင်းငှါ ဖြစ်ကုန်၏ဟု မိန့်တော်မူ၏။ ငါ့သျှင်သာရိပုတြာ အကြင်အသျှင်တို့အား အသျှင်ကဲ့သို့သဘောရှိကုန်သော စောင့်ရှောက်တတ်ကုန်သော အကျိုးလိုလားကုန်သော ဆုံးမတတ်ကုန်သော ကံမြစ်တတ်ကုန်သော သီတင်းသုံးဖော်တို့ ရှိကုန်၏၊ ထိုအသျှင်တို့ကဲ့သို့ပင် အကျွန်ုပ်အား ဤအတိုင်းပင် ဖြစ်ပါ့၏၊ အကျွန်ုပ်သည် အသျှင်သာရိပုတြာ၏ ဤတရားဒေသနာကို ကြားနာရသောကြောင့် အကျွန်ုပ်၏ စိတ်သည် တစ်စုံတစ်ခုကို မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်ပါပြီဟု (လျှောက်၏)။

တတိယသုတ်။