သံယုတ္တနိကာယ်—၂၂

(၉) ၄—ထေရဝဂ်

၄—အနုရာဓသုတ်

၈၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အနုရာဓသည် မြတ်စွာဘုရားနှင့် မနီးမဝေးဖြစ်သော တောကျောင်း၌ နေ၏၊ ထိုအခါ သာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့သည်အသျှင်အနုရာဓထံသို့ ချဉ်းကပ်၍ အသျှင်အနုရာဓနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေကြကာ အသျှင်အနုရာဓအား ဤစကားကို ဆိုကုန်၏—ငါ့သျှင်အနုရာဓ ယောကျာ်းမြတ်ဖြစ်သော လွန်ကဲသော ယောကျာ်းမြတ်ဖြစ်သော အမြတ်ဆုံးသို့ ရောက်သော သင်တို့၏ ဆရာ မြတ်စွာဘုရားသည် ပညတ်သည်ရှိသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် ‘ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်’ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ်’ ဟူ၍လည်းကောင်း ဤလေးဌာနတို့၌ ပညတ် တော်မူ၏ဟု ဆိုကုန်၏။

ဤသို့ ဆိုသော် အသျှင်အနုရာဓသည် သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့အား ဤစကားကိုမိန့်ဆို၏— “ငါ့သျှင်တို့ ယောကျာ်းမြတ်ဖြစ်သော လွန်ကဲသော ယောကျာ်းမြတ်ဖြစ်သော အမြတ်ဆုံးသို့ရောက်သော ငါတို့ဆရာ မြတ်စွာဘုရားသည် ပညတ်သည်ရှိသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် ‘ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်’ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည် မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ်’ ဟူ၍လည်းကောင်း ဤလေးဌာနတို့ကို ကြဉ်၍ ပညတ်တော်မူ၏”ဟု ဆို၏။ ဤသို့ ဆိုသော်သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့သည် “ ဤရဟန်းကား ရဟန်းပြု၍ မကြာသေးသောသီတင်းငယ် ဖြစ်လိမ့်မည်၊ မထေရ်ဖြစ်လျှင်လည်း မိုက်သူ မလိမ္မာသူ ဖြစ်လိမ့်မည်”ဟု ပြောဆိုကုန်၏၊ ထို့နောက် သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့သည် အသျှင်အနုရာဓကို သီတင်းငယ်ဟူသောဝါဒဖြင့်လည်းကောင်း၊ မိုက်သူဟူသော ဝါဒဖြင့်လည်းကောင်း မောင်းမဲကြပြီးလျှင် နေရာမှ ထကာဖဲသွားကြကုန်၏။

ထိုအခါ သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့ ဖဲသွား၍ မကြာမီ အသျှင်အနုရာဓအား ဤသို့အကြံ ဖြစ်၏— “သာသနာ့ပြင်ပ အယူရှိကြသည့် ထိုပရိဗိုဇ်တို့သည် ဤထက်အလွန် ငါ့ကို မေးကြပါလျှင်ငါသည် သာသနာ့ပြင်ပ အယူရှိကြသည့် ထိုပရိဗိုဇ်တို့အား အဘယ်သို့ ဖြေက မြတ်စွာဘုရားစကားတော် အတိုင်း ဆိုသူလည်း ဖြစ်မည်နည်း၊ မြတ်စွာဘုရားကို မဟုတ်မမှန်သဖြင့် မစွပ်စွဲဘဲလည်းရှိရာအံ့နည်း၊ တရားတော်အား လျော်သော တရားကိုလည်း ဖြေသည် ဖြစ်ရာအံ့နည်း၊ မြတ်စွာဘုရား၏ဝါဒအနုဝါဒသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲလည်းရှိအံ့နည်း”ဟု အကြံ ဖြစ်၏။

ထို့နောက် အသျှင်အနုရာဓသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရားနှင့်မနီးမဝေးဖြစ်သော တောကျောင်း၌ နေပါ၏၊ အသျှင်ဘုရား ထိုအခါ သာသနာ့ပြင်ပ အယူရှိကြသည့်များစွာသော ပရိဗိုဇ်တို့သည် တပည့်တော်ထံသို့ ချဉ်းကပ်ကြ၍ တပည့်တော်အား ဤသို့ ဆိုကုန်၏။ပ။ ငါ့သျှင်အနုရာဓ ယောကျာ်းမြတ်ဖြစ်သော လွန်ကဲသော ယောကျာ်းမြတ်ဖြစ်သော အမြတ်ဆုံးသို့ ရောက်သော သင်တို့၏ ဆရာ မြတ်စွာဘုရားသည် ပညတ်သည်ရှိသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် ‘ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်’ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည် မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ်’ ဟူ၍လည်းကောင်း ဤလေးဌာနတို့၌ ပညတ်၏ဟု ဆိုပါကုန်၏။ အသျှင်ဘုရား ဤသို့ ဆိုသော်တပည့်တော်သည် သာသနာ့ပြင်ပ အယူရှိကြသည့် ထိုပရိဗိုဇ်တို့အား ဤသို့ ဆိုပါ၏—ငါ့သျှင်တို့ယောကျာ်းမြတ်ဖြစ်သော လွန်ကဲသော ယောကျာ်းမြတ် ဖြစ်သော အမြတ်ဆုံးသို့ ရောက်သော ငါတို့ဆရာမြတ်စွာဘုရားသည် ပညတ်သည်ရှိသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်’ ဟူ၍လည်းကောင်း ဤလေးဌာနတို့ကို ကြဉ်၍ ပညတ်၏ဟု ဆိုပါ၏။

အသျှင်ဘုရား ဤသို့ ဆိုသော် သာသနာ့ပြင်ပ အယူရှိကြသည့် ထိုပရိဗိုဇ်တို့သည် တပည့်တော်အား” ဤရဟန်းကား ရဟန်းပြု၍ မကြာသေးသော သီတင်းငယ် ဖြစ်လိမ့်မည်၊ မထေရ်ဖြစ်လျှင်လည်း မိုက်သူမလိမ္မာသူ ဖြစ်လိမ့်မည်’ဟု ဤစကားကို ပြောဆိုပါကုန်၏။ အသျှင်ဘုရား ထို့နောက် သာသနာ့ပြင်ပအယူရှိကြသည့် ထိုပရိဗိုဇ်တို့သည် တပည့်တော်ကို သီတင်းငယ်ဟူသော ဝါဒဖြင့်လည်းကောင်း၊ မိုက်သူဟူသော ဝါဒဖြင့်လည်းကောင်း မောင်းမဲကြပြီးလျှင် နေရာမှ ထကာ ဖဲသွားကြပါကုန်၏။

အသျှင်ဘုရား သာသနာ့ပြင်ပ အယူရှိကြသည့် ထိုပရိဗိုဇ်တို့ ဖဲသွား၍ မကြာမီ တပည့်တော်အား ဤသို့အကြံဖြစ်ပါ၏— “သာသနာ့ပြင်ပ အယူရှိကြသည့် ထိုပရိဗိုဇ်တို့သည် ငါ့ကို ဤထက်အလွန် မေးကြပါလျှင် ငါ အဘယ်သို့ ဖြေက မြတ်စွာဘုရား၏ စကားတော်အတိုင်း ဆိုသူလည်း ဖြစ်မည်နည်း၊ မြတ်စွာဘုရားကို မဟုတ်မမှန်သဖြင့် မစွပ်စွဲဘဲလည်း ရှိရာအံ့နည်း၊ တရားတော်အား လျော်သောတရားကိုလည်း ဖြေဆိုသည် မည်ရာအံ့နည်း၊ မြတ်စွာဘုရား၏ ဝါဒအနုဝါဒသည် အကြောင်းနှင့်တကွဖြစ်၍ အကဲ့ရဲ့ခံရ ခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲလည်း ရှိအံ့နည်းဟု အကြံဖြစ်ပါ၏ “ဟုလျှောက်၏။

အနုရာဓ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါအသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင် ဘုရား။ပ။ ထိုသို့ ဖြစ်သော။ပ။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါတစ်ပါးသောပြုဖွယ် မရှိပြီဟု သိ၏။

အနုရာဓ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်ကို “သတ္တဝါ”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို “သတ္တဝါ”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။

အနုရာဓ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်၌ “သတ္တဝါ”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ရုပ်မှ တခြား၌ “သတ္တဝါ”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။ ဝေဒနာ၌ ။ပ။ ဝေဒနာမှတခြား၌ ။ပ။ သညာ၌ ။ သညာမှ တခြား၌ ။ သင်္ခါရတို့၌ ။ သင်္ခါရတို့မှ တခြား၌ ။ ဝိညာဏ်၌ ။ ဝိညာဏ်မှ တခြား၌ “သတ္တဝါ”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။

အနုရာဓ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် “သတ္တဝါ”ဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။

အနုရာဓ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤသတ္တဝါသည် ရုပ် မရှိ၊ ဝေဒနာ မရှိ၊ သညာမရှိ၊ သင်္ခါရတို့ မရှိ၊ ဝိညာဏ် မရှိဟု ရှုသလော။ မရှုပါ အသျှင်ဘုရား။

အနုရာဓ ဤမျက်မှောက်ဘဝ၌ ပင် အမှန်အားဖြင့် အဟုတ်အားဖြင့် သတ္တဝါဟု မရအပ်ဘဲလျက်”ငါ့သျှင်တို့ ယောကျာ်းမြတ်ဖြစ်သော၊ လွန်ကဲသော ယောကျာ်းမြတ်ဖြစ်သော၊ အမြတ်ဆုံးသို့ရောက်သော ငါတို့ဆရာ မြတ်စွာဘုရားသည် ပညတ်သည်ရှိသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ ဟူ၍လည်းကောင်း၊ မဖြစ်ဟူ၍လည်းကောင်း၊ ဖြစ်လည်းဖြစ် မဖြစ်လည်းမဖြစ်ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်,မဖြစ်သည်လည်း မဟုတ်’ ဟူ၍လည်းကောင်း ဤ လေးဌာနတို့ကို ကြဉ်၍ မြတ်စွာဘုရား ပညတ်၏ “ဟုသင်ဖြေခြင်းသည် သင့်လျော်ပါမည်လော၊ မသင့် လျော်ပါ အသျှင်ဘုရား။

အနုရာဓ ကောင်းပေစွ ကောင်းပေစွ၊ အနုရာဓ ငါသည် ရှေးကဖြစ်စေ၊ ယခုဖြစ်စေ ဒုက္ခကိုလည်းကောင်း၊ ဒုက္ခ၏ ချုပ်ရာ (နိဗ္ဗာန်) ကိုလည်းကောင်း ပညတ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။