သံယုတ္တနိကာယ်—၂၂

၁—နကုလပိတုဝဂ်

၉—ကာလတ္တယအနိစ္စသုတ်

၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အတိတ်အနာဂတ်ဖြစ်သော ရုပ်သည် မမြဲ၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၏မမြဲခြင်း၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသောအရိယာ တပည့်သည် အတိတ်ဖြစ်သော ရုပ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော ရုပ်ကိုမနှစ်သက်၊ ပစ္စုပ္ပန် ဖြစ်သော ရုပ်၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။

အတိတ်အနာဂတ်ဖြစ်သော ခံစားမှု “ဝေဒနာ”တို့သည် မမြဲကုန်။ပ။ မှတ်သားမှု “သညာ”တို့သည်မမြဲကုန်။ပ။ “သင်္ခါရ”တို့သည် မမြဲ ကုန်၊ ပစ္စုပ္ပန်ဖြစ်သော သင်္ခါရတို့၌ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ မြင်သော အကြား အမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော သင်္ခါရတို့၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော သင်္ခါရတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏။ အတိတ်အနာဂတ်ဖြစ်သော ဝိညာဏ်သည်မမြဲ၊ ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၏ မမြဲခြင်း၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော ဝိညာဏ်၌ ငဲ့ကွက်ခြင်း ကင်း၏၊ အနာဂတ်ဖြစ်သော ဝိညာဏ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ် သော ဝိညာဏ်၌ ငြီးငွေ့ခြင်းငှါတပ်မက်ခြင်းကင်းခြင်းငှါ ချုပ်ခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။