သံယုတ္တနိကာယ်—၂၂

(၉) ၄—ထေရဝဂ်

၈—ဆန္နသုတ်

၉ဝ။ အခါတစ်ပါး၌ မထေရ်ဖြစ်သော ရဟန်းများစွာတို့သည် ဗာရာဏသီပြည် ဣသိပတန အမည်ရှိသော မိဂဒါဝုန်တော၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်ဆန္နသည် ညချမ်းအခါ တစ်ပါးတည်းကိန်းအောင်းရာမှ ထ၍ သံကောက်ကို ယူပြီးလျှင် တစ်ကျောင်းမှ တစ်ကျောင်းသို့ ချဉ်းကပ်ကာ “အသျှင်မထေရ်တို့သည် တပည့်တော်ကို ဆုံးမကြပါလော့၊ အသျှင်မထေရ်တို့သည် တပည့်တော်ကို ကံမြစ်ကြပါလော့၊ တပည့်တော် သိမြင်နိုင်မည့် အခြင်းအရာအားဖြင့် အသျှင်မထေရ်တို့သည် တပည့်တော်အားတရား စကားကို ပြကြပါကုန်လော့”ဟု လျှောက်၏။

ဤသို့ လျှောက်သော် မထေရ်ရဟန်းတို့သည် အသျှင်ဆန္နအား ဤသို့ ဆိုကြကုန်၏— “ငါ့သျှင်ဆန္နရုပ်သည် မမြဲ၊ ဝေဒနာသည် မမြဲ၊ သညာသည် မမြဲ၊ သခ ငါ်္ရတို့သည် မမြဲကုန်၊ ဝိညာဏ်သည် မမြဲ။ ရုပ်သည် ကိုယ် ‘အတ္တ’ မဟုတ်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ကိုယ် ‘အတ္တ’မဟုတ်။ သင်္ခါရတရားအားလုံးတို့သည် မမြဲကုန်၊ သဘောတရားအားလုံးတို့သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်”ဟု ဆိုကြကုန်၏။

ထိုအခါ အသျှင်ဆန္နအား ဤသို့ အကြံ ဖြစ်၏— “ငါ့အားလည်း ရုပ်သည် မမြဲ၊ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲ။ ရုပ်သည် ကိုယ် ‘အတ္တ’ မဟုတ်၊ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ကိုယ် ‘အတ္တ’ မဟုတ်။ သင်္ခါရတရားအားလုံးတို့သည် မမြဲကုန်၊ သဘောတရားအားလုံးတို့သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်ဟု ဤသို့ အသိဉာဏ် ဖြစ်၏၊ ထိုသို့ဖြစ်လျက် ငါ၏ စိတ်သည် သင်္ခါရတရားအားလုံး ငြိမ်းရာ ဥပဓိအားလုံး ကင်းလွတ်ရာ တဏှာကုန်ရာစွဲမက်မှု ကင်းရာ ချုပ်ရာ နိဗ္ဗာန်၌ မသက်ဝင်၊ မကြည်လင်၊ မတည်၊ လွတ်လွတ်မဆုံးဖြတ်နိုင်၊ တောင့်တခြင်း စွဲလမ်းခြင်းသည် ဖြစ်၏၊ ဤသို့ ဖြစ်လျှင် ငါ၏ ကိုယ် ‘အတ္တ’ကား အဘယ်နည်းဟု စိတ်သည်ပြန်၍ လည်၏၊ တရားကို သိမြင်သော သူအား ဤသို့ မဖြစ်နိုင်၊ ငါ တရားကို သိမြင်နိုင်မည့် အခြင်းအရာအားဖြင့် ငါ့ကို အဘယ်သူသည် တရားဟောနိုင်ပါမည်နည်း”ဟု အကြံ ဖြစ်၏။

ထို့နောက် အသျှင်ဆန္နအား ဤသို့ အကြံ ဖြစ်ပြန်၏— “ ဤအသျှင်အာနန္ဒာသည် ကောသမ္ဗီပြည်ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ မြတ်စွာဘုရား အချီးမွမ်းလည်း ခံရ၏၊ ပညာရှိသီတင်းသုံးဖော်တို့ ချီးမြှင့်မြှောက်စားခြင်းကိုလည်း ခံရ၏၊ ငါ သိမြင်နိုင်မည့် အခြင်းအရာအားဖြင့် ငါ့ကိုတရားဟောရန်လည်း စွမ်းနိုင်၏၊ အသျှင်အာနန္ဒာနှင့် ထိုမျှလောက် အကျွမ်းဝင်မှုလည်း ငါ့အား ရှိ၏၊ ငါသည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်ပြန်၏။ ထို့နောက် အသျှင်ဆန္နသည် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် ကောသမ္ဗီပြည်ဃောသိတာရုံကျောင်း အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာနှုတ်ဆက်ပြောဆိုပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်ကာ ဤစကားကို လျှောက်၏—

ငါ့သျှင်အာနန္ဒာ ငါသည် ဗာရာဏသီပြည် ဣသိပတနအမည်ရှိသော မိဂဒါဝုန်တော၌ နေ၏၊ ထိုအခါငါသည် ညချမ်းအခါ တစ်ပါတည်း ကိန်းအောင်းရာမှ ထ၍ သံကောက်ကို ယူပြီးလျှင် တစ်ကျောင်းမှ တစ်ကျောင်းသို့ ချဉ်းကပ်ကာ မထေရ်ရဟန်းတို့အား “အသျှင်မထေရ်တို့သည် တပည့်တော်ကို ဆုံးမကြပါလော့၊ အသျှင်မထေရ်တို့သည် တပည့်တော်ကို ကံမြစ်ကြပါလော့၊ တပည့်တော် သိမြင်နိုင်မည့် အခြင်းအရာအားဖြင့် အသျှင်မထေရ်တို့သည် တပည့်တော်အား တရားစကားကို ပြကြပါကုန်လော့”ဟု ဆို၏၊ ဤသို့ ဆိုသော် မထေရ်ရဟန်းတို့သည် ငါ့အား ဤသို့ ပြောကြပါကုန်၏ — “ငါ့သျှင်ဆန္န ရုပ်သည် မမြဲ၊ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မမြဲ၊ ရုပ်သည် ကိုယ် ‘အတ္တ’ မဟုတ်။ပ။ ဝိညာဏ်သည် ကိုယ် ‘အတ္တ’ မဟုတ်။ သင်္ခါရတရားအားလုံးတို့သည် မမြဲကုန်၊ သဘောတရားအားလုံးတို့သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်ဟု ဆိုကြကုန်၏။

ငါ့သျှင် ထိုငါ့အား ဤသို့ အကြံ ဖြစ်၏— “ငါ့အားလည်း ရုပ်သည် မမြဲ။ပ။ ဝိညာဏ်သည် မမြဲ၊ ရုပ်သည် ကိုယ် ‘အတ္တ’ မဟုတ်၊ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ကိုယ် ‘အတ္တ’မဟုတ်၊ သင်္ခါရတရားအားလုံးတို့သည် မမြဲကုန်၊ သဘောတရားအားလုံးတို့သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်ဟု ဤသို့ အသိဉာဏ် ဖြစ်ပါ၏၊ ထိုသို့ ဖြစ်လျက် ငါ၏ စိတ်သည် သင်္ခါရတရားအားလုံး ငြိမ်းရာဥပဓိအားလုံး ကင်းရာ တဏှာ ကုန်ရာ စွဲမက်မှု ကင်းရာ ချုပ်ရာ နိဗ္ဗာန်၌ မသက်ဝင်၊ မကြည်လင်၊ မတည်၊ လွတ်လွတ် မဆုံးဖြတ်နိုင်၊ တောင့်တခြင်း စွဲလမ်းခြင်း ဖြစ်၏၊ ဤသို့ဖြစ်လျှင် ငါ၏ကိုယ် ‘အတ္တ’ ကား အဘယ်နည်းဟု စိတ်သည် ပြန်၍ လည်၏၊ တရားကို သိမြင်သော သူအား ဤသို့မဖြစ်နိုင်၊ ငါ သိမြင်နိုင်မည့် အခြင်းအရာအားဖြင့် ငါ့ကို အဘယ်သူသည် တရားဟောနိုင်ပါမည်နည်း”ဟု ဤသို့ အကြံ ဖြစ်၏။

ငါ့သျှင် ထိုငါ့အား ဤသို့ အကြံဖြစ်ပြန်ပါ၏—“ ဤအသျှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေ၏၊ မြတ်စွာဘုရား အချီးမွမ်းလည်း ခံရ၏၊ ပညာရှိသီတင်းသုံဖော်တို့ ချီးမြှင့်မြှောက်စားခြင်းကိုလည်း ခံရ၏၊ ငါ သိမြင်နိုင်မည့် အခြင်းအရာအားဖြင့် ငါ့ကို တရားဟောရန်လည်း့စွမ်း နိုင်၏၊ ထိုအသျှင်နှင့် ထိုမျှလောက် အကျွမ်းဝင်မှုလည်း ငါ့အား ရှိ၏၊ ထိုအသျှင်အာနန္ဒာထံသို့ချဉ်းကပ် ရမူ ကောင်းလေစွ”ဟု (အကြံ ဖြစ်၏။) အသျှင်အာနန္ဒာသည် တပည့်တော်အားဆုံးမတော်မူပါ၊ အသျှင် အာနန္ဒာသည် တပည့်တော်ကို ကံမြစ်တော်မူပါ၊ တပည့်တော် သိမြင်နိုင်မည့်အခြင်းအရာအားဖြင့် အသျှင် အာနန္ဒာသည် တပည့်တော်အား တရားစကားကို ပြပါလော့ဟု လျှောက်၏။

အသျှင်ဆန္နသည် ထိုအကြောင်းကို ထင်စွာ ပြုနိုင်ဘိ၏၊ ငြောင့်ကို ဖြတ်နိုင်ဘိ၏၊ ဤမျှလောက်နှင့်ပင်အသျှင်ဆန္နကို တပည့်တော်တို့ ဝမ်းမြောက်လှပါကုန်၏၊ ငါ့သျှင်ဆန္န သင် နားထောင်လော့၊ သင်သည်တရားကို သိရန် ထိုက်ပါ၏ဟု မိန့်ဆို၏၊ ထိုအခါ အသျှင်ဆန္နအား “တရားသိရန် ထိုက်သူဖြစ်သတဲ့” ဟူ သော စကားမျှဖြင့်ပင် များစွာသော နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်၏။

ငါ့သျှင်ဆန္န ကစ္စာနအနွယ်ဖြစ်သော ရဟန်းကို သြဝါဒပေးတော်မူစဉ် မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤစကားကို ငါ ကြားနာခဲ့ရ၏၊ မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ခံယူခဲ့ရ၏။ ကစ္စာန ဤလောကသည် များသောအားဖြင့် ရှိသည်၏အဖြစ် မရှိသည်၏အဖြစ်ဟူသော နှစ်ဖက်ကို မှီနေ၏၊ ကစ္စာနလောကဖြစ်ပေါ်ပုံကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာဖြင့် မြင်သော သူအား လောက၌ မရှိ ခြင်းသည် မဖြစ်နိုင်။ ကစ္စာန လောကချုပ်ပုံကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာဖြင့်မြင် သော သူအား လောက၌ ရှိခြင်းဟူသည် မဖြစ်နိုင်။ ကစ္စာန ဤလောကကို များသောအားဖြင့်ကပ်ရောက် ခြင်း စွဲလမ်းခြင်း အမှားနှလုံးသွင်းခြင်းတို့က နှောင်ဖွဲ့ထား၏၊ ထိုကပ်ရောက်ခြင်းစွဲလမ်းခြင်းသည် စိတ်၏ ဆောက်တည်ခြင်း အမှားနှလုံးသွင်းခြင်း အနုသယသို့ မကပ်ရောက် မစွဲလမ်း၊ ငါ၏ ကိုယ် ‘အတ္တ’ဟု စွဲ၍ မတည်၊ ဖြစ်သည်ရှိသော် ဆင်းရဲမှုသည်သာ ဖြစ်၏၊ ချုပ်သည်ရှိသော်ဆင်းရဲမှုသည်သာ ချုပ်၏၊ မယုံမှား၊ တွေးတောခြင်း မရှိ၊ တစ်ပါးသော ယုံကြည်မှု မရှိသောကြောင့် ဤအရာ၌ ထိုသူအား အသိဉာဏ်သည်သာ လျှင် ဖြစ်၏၊ ကစ္စာန ဤမျှဖြင့် မှန်ကန်သော အယူ ဖြစ်၏။

ကစ္စာန အားလုံး ရှိ၏ဟူသော ဤအယူသည် အစွန်းတစ်ဖက်တည်း၊ အားလုံး မရှိဟူသော ဤအယူသည်အစွန်းတစ်ဖက်တည်း၊ ဤအစွန်းနှစ်ဖက် တို့သို့ မကပ်ရောက်မူ၍ အလယ်အလတ်အားဖြင့်မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏ —အဝိဇ္ဇာ အကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရအကြောင်းခံကြောင့် ဝိညာဏ် ဖြစ်၏။ပ။ ဤသို့လျှင် ဤ အလုံးစုံသော ဆင်းရဲအစု၏ ဖြစ်ပေါ်မှုဖြစ်၏။ အဝိဇ္ဇာ၏ အကြွင်းမဲ့ ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရ တို့ ချုပ်၏။ပ။ ဤသို့လျှင် ဤအလုံးစုံသော ဆင်းရဲအစု၏ ချုပ်ခြင်း ဖြစ်၏ဟု (ကြားနာခဲ့ရ၏၊ ခံယူခဲ့ရ၏ဟု မိန့်တော်မူ၏)။

ငါ့သျှင်အာနန္ဒာ အကြင်အသျှင်တို့အား အသျှင်ကဲ့သို့ သဘောရှိကုန်သော စောင့်ရှောက်တတ်ကုန်သောအကျိုးလိုလားကုန်သော ဆုံးမတတ်ကုန်သော ကံမြစ်တတ်ကုန်သော သီတင်းသုံးဖော်တို့ ရှိကုန်၏၊ ထိုအသျှင်ကဲ့သို့ အကျွန်ုပ်တို့အား ဤအတိုင်းပင် ဖြစ်ပါ၏၊ အကျွန်ုပ်သည် အသျှင်အာနန္ဒာ၏ ဤတရားတော်ကို ကြားနာရ၍ တရားကို ထိုးထွင်းသိရပါပြီဟု (လျှောက်၏)။

အဋ္ဌမသုတ်။