သံယုတ္တနိကာယ်—၂၂
(၉) ၄—ထေရဝဂ်
၉—ရာဟုလသုတ်
၉၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ရာဟုလာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အဘယ်သို့ သိသူအဘယ်သို့ မြင်သူအား ဤဝိညာဏ်ရှိသော ကိုယ်၌လည်းကောင်း၊ အပဖြစ်သော နိမိတ်အားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’ တို့ မဖြစ်ပါကုန်သနည်း”ဟု (လျှောက်၏)။
ရာဟုလာ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း့အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှု၏၊ ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော။ပ။ ဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှု၏၊ ရာဟုလာ ဤသို့ သိသူ ဤသို့မြင်သူအား ဤဝိညာဏ်ရှိသော ကိုယ်၌လည်းကောင်း၊ အပဖြစ်သော နိမိတ် (အာရုံ) အားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာနာနုသယ’ တို့မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။
နဝမသုတ်။