သံယုတ္တနိကာယ်—၂၂

(၉) ၄—ထေရဝဂ်

၁ဝ—ဒုတိယ ရာဟုလသုတ်

၉၂။ သာဝတ္ထိနိဒါန်း။ အသျှင်ရာဟုလာသည် တစ်ခုသော နေရာ၌ ထိုင်၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ဤဝိညာဏ်ရှိသောကိုယ်၌လည်းကောင်း၊ အပဖြစ်သော နိမိတ် (အာရုံ) အားလုံးတို့၌ လညး်ကောင်း ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ထောင်လွှားမှု ‘မာန’မှ ကင်းသော ထောင်လွှားခြင်းအဖို့ကို ကောင်းစွာလွန်သော ကိလေသာပူပန်မှုမှ ငြိမ်းသော ကိလေသာမှ ကောင်းစွာ လွတ်မြောက်သောစိတ်ဖြစ်သနည်း”ဟု (လျှောက်၏)။

ရာဟုလာ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော။ပ။ အဝေးအနီးလည်း ဖြစ်သော ရုပ်အားလုံးကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည်ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် မြင်၍ မစွဲလမ်းဘဲကိလေသာမှ လွတ်မြောက်၏။ ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို။ အတိတ်အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ ကိုယ်’အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်း မှန်စွာ မှန်ကန်သော ပညာဖြင့် မြင်၍ မစွဲလမ်းဘဲ ကိလေသာမှ လွတ်မြောက်၏။ ရာဟုလာ ဤသို့ သိသူ ဤသို့ မြင်သူအား ဤဝိညာဏ်ရှိသော ကိုယ်၌လည်းကောင်း၊ အပဖြစ်သော နိမိတ် (အာရုံ) အားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု’ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု’တဏှာ’၊ ထောင်လွှားမှု’မာန’မှကင်းသော ထောင် လွှားခြင်းအဖို့ကို ကောင်းစွာ လွန်သော ကိလေသာပူပန်မှုမှ ငြိမ်းသော ကိလေသာမှကောင်းစွာ လွတ် မြောက်သော စိတ် ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် ထေရဝဂ် ပြီး၏။