သံယုတ္တနိကာယ်—၂၅

၂—ရူပသုတ်

၃ဝ၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဆင်းတို့သည် မမြဲကုန်၊ ဖောက်ပြန်တတ်ကုန်၏၊ တစ်မျိုး တစ်ဖုံဖြစ်တတ်ကုန်၏။ အသံတို့သည် မမြဲကုန်၊ ဖောက်ပြန်တတ်ကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်ကုန်၏။

အနံ့တို့သည် မမြဲကုန်၊ ဖောက်ပြန်တတ်ကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်ကုန်၏။ အရသာတို့သည် မမြဲကုန်၊ ဖောက်ပြန်တတ်ကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်ကုန်၏။ အတွေ့တို့သည် မမြဲကုန်၊ ဖောက်ပြန့်တတ်ကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်ကုန်၏။ သဘောတရားတို့သည် မမြဲကုန်၊ ဖောက်ပြန်တတ်ကုန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်ကုန်၏။

ရဟန်းတို့ ဤသို့ ယုံကြည်သက်ဝင်သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ မဖောက်ပြန်သည်၏ အဖြစ်ဖြင့်မြဲခြင်းသို့ သက်ဝင်သူ၊ သူတော်ကောင်းတို့ ဖြစ်ရာဘုံသို့ သက်ဝင်သူ၊ ပုထုဇဉ်တို့ ဖြစ်ရာဘုံကို လွန်မြောက်သူ၊ ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံတို့၌ ဖြစ်ရမည့်ကံကို ပြုခြင်းငှါ မထိုက်သူ၊ သောတာပတ္တိဖိုလ်ကိုမျက်မှောက် မပြုရဘဲ သေခြင်းငှါလည်း မထိုက်သူဟု ဆိုအပ်၏။

ရဟန်းတို့ ဤတရားတို့ကို ဤသို့ ပညာ၏ အတိုင်းအရှည်အားဖြင့် ကပ်ရောက်ရှုနိုင်သူကို ပညာသို့အစဉ်လျှောက်၍ မဖောက်ပြန်သည်၏ အဖြစ်ဖြင့် မြဲခြင်းသို့ သက်ဝင်သူ၊ သူတော်ကောင်းတို့ဖြစ်ရာဘုံသို့ သက်ဝင်သူ၊ ပုထုဇဉ်တို့ ဖြစ်ရာဘုံကို လွန်မြောက်သူ၊ ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံတို့၌ ဖြစ်ရမည့်ကံကို ပြုခြင်းငှါ မထိုက်သူ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက် မပြုရဘဲ သေခြင်းငှါလည်းမထိုက်သူဟု ဆိုအပ်၏။ ရဟန်းတို့ ဤတရားတို့ကို ဤသို့ သိသူ ဤသို့ မြင်သူကို အပါယ်သို့ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ဟုဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။