သံယုတ္တနိကာယ်—၂၅

၇—ရူပသေဉ္စတနာသုတ်

၃ဝ၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဆင်း၌ စေ့ဆော်မှု ‘စေတနာ’သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ အသံ၌ စေ့ဆော်မှု ‘စေတနာ’သည်။ အနံ့၌ စေ့ဆော်မှု ‘စေတနာ’သည်။ အရသာ၌ စေ့ဆော်မှု ‘စေတနာ’သည်။ အတွေ့၌ စေ့ဆော်မှု ‘စေတနာ’သည်။ သဘောတရား၌ စေ့ဆော်မှု ‘စေတနာ’သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ ရဟန်းတို့ ဤတရားတို့ကို ဤသို့ ယုံကြည်သက်ဝင်သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ ။ပ။ အထက်မဂ်သုံးပါးလျှင်လားရာရှိသော သောတာပန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။