သံယုတ္တနိကာယ်—၂၇

၁—စက္ခုသုတ်

၃၂၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မျက်စိ၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှုမည်၏။ နား၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။ နှာခေါင်း၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။ လျှာ၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည်စိတ်၏ ညစ်ညူးမှု မည်၏။ကိုယ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။ စိတ်၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ဤခြောက်ဌာနတို့၌ စိတ်ညစ်ညူးမှုကို ပယ်အပ်ပြီး ဖြစ်၏၊ ထိုအခါ ထိုရဟန်း၏ စိတ်သည် ထွက်မြောက်ခြင်းသို့ ညွတ်၏၊ ထွက်မြောက်ခြင်း၌ အထုံရပြီးသော စိတ်သည် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည် ဖြစ်၍ ထင်၏ဟု (ဟောတော်မူ၏)။

ပဌမသုတ်။